Saturday 21 December 2013

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ ရှိနေ

လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ် ခံရမှုများ ရှိနေသော်လည်း သွားရောက် လုပ်ကိုင်သူ များလာကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်တွင် ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၇ သန်းမှာ တရားဝင် လုပ်ကိုင်လျက်ရှိပြီး ကျန်ရှိသည့် ၁ ဒသမ ၅ သန်းမှာ အထောက်အထား မရှိဘဲ တရားမ၀င် လုပ်ကိုင်နေကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်း)မှ အကြံပေး ဦးထူးချစ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများစုမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံ နေရမှုများ ရှိသည့်အပြင် ၎င်းတို့၏ အခွင့်အရေးမှာလည်း အပြည့်အ၀ မရရှိဘဲ အလုပ်လုပ်ကိုင် နေရကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

''ထိုင်းနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်လောက် ရှိပါတယ်။ အဲဒီအထဲမှာ အစိုးရထံ မှတ်ပုံတင်တာ တစ်သန်းခုနစ်သိန်းလောက် ရှိပါတယ်။ ကျန်တာကတော့ မှတ်ပုံမတင်ရသေး တဲ့သူတွေ။ အဲဒီမှာ အများစုက လုပ်အားခေါင်းပုံ ဖြတ်ခံနေရတာတွေ ရှိတယ်'' ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြံပေး ဦးထူးချစ်က ဆက်လက် ပြောကြားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် ရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ လုပ်ခလစာ နည်းပါးမှုတို့ကြောင့် သွားရောက်လုပ်ကိုင် ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ လူနေမှု အဆင့်အတန်း ကွာဟမှုစသည့် အမျိုးမျိုးသော အခြေအနေ များကြောင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလုပ်အကိုင် ရှာဖွေရန် သွားရောက်ကြရသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အရေအတွက်မှာ တစ်နေ့တခြား များပြားလာကြောင်း အပြည်အပြည်ဆိုင် ရာ ရွှေ့ပြောင်း သွားလာ သူများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment