Monday 16 December 2013

ပျောက်ဆုံးနေသော ရခိုင်အမျိုးသမီးငယ် ၆ ဦး

 ဓါတ်ပုံ. ပျောက်ဆုံးသူ (၆) ဦးထဲတွင် ပါဝင်သူ အမျိုးသမီးငယ် တစ်ဦး။
တနင်္သာရီတိုင်းသို့ရောက်နေဟုဆို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ပျောက်ဆုံးနေသော အမျိုးသမီးငယ် (၆) ဦးသည် ယခုအခါ တနင်္သာရီတိုင်းသို့ ရောက်ရှိ နေကြောင်း ABC ဆောက်လုပ်ရေး ကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးက ပြောသည်။
“ ကျွန်တောနာမည်က ရာဇာပါ။ ABC ကုမ္ပဏီကပါ။ သူတို့က အခု တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကွေးအင်းကျေးရွာကို ရောက်နေပါတယ်။ အဲဒီ အလုပ်စခန်းမှာ ရှိနေပါတယ်။သူတို့ အလုပ်လုပ်မယ်ဆိုတဲ့ အတွက် ခေါ်လာတာ ဖြစ်ပါတယ်” ဟု ယင်းကုမ္ပဏီ ၀န်ထမ်းက ဆိုသည်။ နိရဉ္စရာမှ ဆက်လက်ပြီး ဖုံးမှ တဆင့် ဘာကြောင့် အသက်မပြည့်တဲ့ မိန်းခလေးများ အပါအ၀င် အမျိုးသမီးငယ် ၆ ဦးကို မိဘများ မသိဘဲ ခေါ်လာရသလဲဟု မေးမြန်းရာ ကိုရာဇာက ယခုလို ဆက်ပြောသည်။ “ ကျွန်တော်ခေါ်လာတာတော့ မဟုတ်ပါဘူး။ သူတို့က အလုပ် လုပ်ချင်တယ်လို့ ဆိုပီး လိုက်လာကြတာပါ။ အခုသူတို့ကို ကျန်းမာရေးကအစ၊ လူမူရေးက အစ ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” ဟု သူက ဆက်ပြောသည်။ အခု ၎င်းမိန်းခလေးများ ပျောက်ဆုံးမူနှင့် ပတ်သက်ပြီး မိဘများက မင်းပြားရဲစခန်းတွင် အမူဖွင့် တိုင်ကြားထားသည်ကို သိပါသလားဟု မေးမြန်းရာ သူက ယခုလို ဆိုသည်။ “ ကျွန်တော်တို့ကို တနင်္သာရီရဲစစခန်းမှူးက ခေါ်ပြောပါတယ်။ ကျွန်တော်တို့က သူတို့ ကျနော်တို့ဆီမှာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ရှင်းပြထားပါတယ်။ သူတို့ကို ပြန်ခေါ်မယ် ဆိုရင် ခေါ်လို့ရတယ်။ စိတ်ချ လုံခြုံတဲ့ လူရရင် ပြန်ပို့ပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ ၎င်းမိန်းခလေးငယ်များနှင့် စကားပြော၍ ရနိုင်မည်လားဟု မေးမြန်းရာ စကားပြော၍ ရကြောင်း၊ သို့သော် လောလောဆယ်တွင် တစ်ယောက် တစ်နေရာစီ ဖြစ်နေသဖြင့် ညနေပိုင်းလောက်တွင် ရနိုင်ကြောင်း ပြောဆိုသည်။ ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်များမှာ မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာ၊ ပြားရှည်ပြင်ရွာနှင့် ခွဆုံရွာတို့မှ မချိုချိုဝင်း (၁၇) နှစ် ၊ မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး (၂၃) နှစ် တို့ ဖြစ်ကြပြီး ဖြစ်ကြသည်။ ၎င်းအမျိုးသမီးငယ် ၆ ဦး ပျောက်ဆုံးသွားသည်ကို ယခုလ ၁၂ ရက်နေ့၊ ၁၃ ရက်နေ့မှ သိရှိရကြောင်း ဒေသခံ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။ ABC ဆောက်လုပ်ရေး ကုမ္ပဏီမှ အမျိုးသမီးငယ်များအား အုပ်ထိန်းသူ မသိဘဲ ခေါ်ဆောင်သွားခြင်း၊ ခေါ်ယူသွားသည့် အမျိုးသမီး ၆ ဦးထဲတွင် အရွယ် မရောက်သူ ၃ ဦး ပါဝင်နေခြင်း တို့ကြောင့် ဥပဒေကြောင်းအရ အာဏာပိုင်များက မည်သို့ အရေးယူ မည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း အမျိုးသမီးငယ် ၆ ဦးပျောက်ဆုံးမူနှင့် ပတ်သက်ပြီး လိုက်ဆောင်ရွက်နေသူ မင်းပြားမြို့မှ ကိုဝင်းကျော်က ပြောသည်။ ၎င်းပြင် ယခုအမျိုးသမီးငယ် ၆ ဦးမှာ မိဘများလက်သို့ ပြန်လည် ရောက်ရှိခြင်း မရှိသေးသဖြင့် စိုးရိမ်နေကြကြောင်း၊ သူတို့မှာ တနင်္သာရီ တိုင်းထိ ခေါ်ယူသွားခြင်းခံရသဖြင့် လူကုန်ကူးမူ ဟုတ်မဟုတ်ကို သက်ဆိုင်ရာက အမြန်ဆုံး စစ်ဆေးရန် လိုအပ်ကြောင်း ကိုဝင်းကျော်က ပြောသည်။

နိရဉ္စရာ

No comments:

Post a Comment