Monday 16 December 2013

သတင်းပေးရန် ပျက်ကွက်မှုဖြင့် ကချင် အမျိုးသားနှစ်ဦး ကို ထောင်ဒဏ် ခြောက်လချမှတ်

မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးရမိသော ကချင်အမျိုးသား နှစ်ဦး ကို ကေအိုင်အေ အကြောင်း သတင်းပေးရန် ပျက်ကွက်မှု ပုဒ်မ ၂၀၂ ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြစ်ကြီးနား တရားရုံးက ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်သည်ဟု Kachin Lawyers Group မှ ရှေ့နေ ဦးမုန်ဆိုင်းတူးက The Voice သို့ ပြောကြားသည်။
တာလောကြီး ကျေးရွာအနီးရှိ ကေအိုင်အေ တပ်ဖွဲ့ကို အောက်ခြေသိမ်း အလုပ်များ ဝိုင်းဝန်း ကူညီနေသူ ဦးလဝမ်ဇေဇောင်းနှင့် ၎င်းရွာ အနီးရှိ ပြောင်းဖူးခြံတွင် လုပ်ကိုင်နေသော ယခင် ကေအိုင်အေမှ စစ်သားဟောင်း ဦးဂေါ်လူတူးမိုင် တို့ကို တာလောကြီးကျေးရွာ ပြည်သူ့စစ်အဖွဲ့က စက်တင်ဘာလတွင် ဖမ်းဆီးသွားပြီး မြစ်ကြီးနား တရားရုံးသို့ မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆို ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သတင်းပေးရန် ပျက်ကွက်မှု ပုဒ်မ ၂၀၂ ဖြင့် ပြောင်းလဲစွဲဆိုခဲ့ကာ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးမုန်ဆိုင်းတူးက ရှင်းပြသည်။
“ပြည်သူတွေက မိအေးနှစ်ခါ နာတာပေါ့။ ဟိုဘက်က လုပ်တာလည်းခံရ၊ ဒီဘက်က လုပ်တာလည်း ခံရနဲ့” ဟု Kachin Lawyers Group မှ ရှေ့နေ ဦးမုန်ဆိုင်းတူးက ပြောသည်။

ထောင်ဒဏ် ချမှတ်ခြင်းခံရသူ နှစ်ဦးကို မြစ်ကြီးနား အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ၎င်းက ထပ်လောင်း ပြော ကြားသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၀၂ တွင် ပြစ်မှုကျူးလွန်သူကို သိရှိထားပြီး သတင်းပေးပို့ရန် ပျက်ကွက် ခဲ့ပါက ခြောက်လထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

ယခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင်ကျသူ ကချင်တိုင်းရင်းသား ရှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။

The Voice Weekly

No comments:

Post a Comment