Monday 16 December 2013

မြန်မာ သဘင်ပညာရှင်များ တရုတ်သို့ သွားရောက် ဖျော်ဖြေမည်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပြုလုပ်မည့် အာရှနိုင်ငံများနှင့် ကျွန်းနိုင်ငံများ ပါဝင်သော အနု ပညာ ဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံမှ သဘင်ပညာရှင်များ သွားရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး အနေနှင့် ပွဲဦးအလင်္ကာ (အပျိုတော် ယိမ်း)၊ မြန်မာစံတော်ချိန် တီးလုံးဖြင့် ပွဲတော် ဖျော်ဖြေမည့် အက၊ နှစ်ပါးသွားအက၊ ရုပ်သေး အနုပညာ၊ ဆိုင်း၊ စောင်း၊ ပတ္တလားနှင့် မြန်မာ့ ကျေးလက် တူရိယာများ ဖြစ်ကြသည့် အိုးစည်၊ ဒိုးပတ် စသည် တို့ကို ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“တရုတ်နိုင်ငံမှာ လုပ်တာ ဒါနဲ့ဆို လေးကြိမ်မြောက်ပါ။ လုပ်တဲ့နေရာက တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူး။ ခုလုပ်မယ့် နေရာကို မရွေးရသေးဘူး။ သဘင်အစည်းအရုံး အနေနဲ့ကတော့ ပထမဆုံး အကြိမ်အဖြစ် ပါဝင် ဖျော်ဖြေတာပါ။ ဖျော်ဖြေပွဲမှာ ရိုးရာယဉ်ကျေးမှု အနုပညာပိုင်းတွေကို အဓိက ဖော်ပြနိုင် မယ့် ဖျော်ဖြေမှုတွေ တင်ဆက်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါ ပွဲကို ၂၀၁၄ခုနှစ် မတ်လတွင် ပြုလုပ်မည် ဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံခန့် ပါဝင် ဖျော်ဖြေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment