Monday 16 December 2013

ပင်မလျှပ်စစ် ဓာတ်ကြိုးကို ဝင်တိုက်မှုဖြင့် ကုန်တင်ယာဉ်မောင်း ရှစ်ဦးကို အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၆နာရီခန့်က မောင်းလာသော ကွန်တိန်နာနှင့် ကုန်တင်ယာဉ် ရှစ်စီးသည် ဗို့အား ၁၁၀၀၀ ရှိ ပင်မလျှပ်စစ် ဓာတ်ကြိုးများကို ဝင်တိုက်ပြီး ဝါယာရှော့ခ်ဖြစ်ကာ ထရမ်စဖော်မာ၊ ဓာတ်အားထိန်းစနစ်တို့ ပျက်စီး ဆုံးရှုံးမှုကြောင့် ကွန်တိန်နာ ယာဉ်မောင်း ရှစ်ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း အဆိုပါ မြို့နယ် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ထံမှ သိရှိရသည်။
သာကေတမြို့နယ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သို့ ဘီယာထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်း ပစ္စည်းများ တင်ဆောင်လာသည့် ကွန်တိန်နာနှင့် ကုန်တင်ယာဉ်ရှစ်စီး မောင်းနှင် လာစဉ် ပြည်ထောင် စု လမ်းမကြီးကို ဖြတ်၍ လမ်း၏ တစ်ဖက်တစ်ချက်သို့ သွယ်တန်းထားသော လျှပ်စစ် ဓာတ်ကြိုး (Fly Stay) များကို ဝင်တိုက်ရာမှ ဓာတ်တိုင်နှစ်တိုင် လဲကျခဲ့ကြောင်း၊ ယင်းနောက်လဲကျသော ဓာတ်တိုင်မှ ဗို့အား ၁၁၀၀၀ ရှိ ဝါယာကြိုးများ ရှော့ခ်ဖြစ်ကာ အဆိုပါ လျှပ်စစ်ဓာတ်ကြိုးဖြင့် ဆက်သွယ် ထားသော ဓာတ်အားခွဲရုံမှ ၃၃/၁၁ KV ထရမ်စဖော်မာ တစ်လုံး၊ ဓာတ်အား အဝင်/အထွက် ထိန်းချုပ်သည့် ပစ္စည်းများ လောင်ကျွမ်းခဲ့ရာ ကျပ်သိန်း ၁၃၅၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ယာဉ်ရှစ်စီးထဲမှာ နှစ်စီးရဲ့ နံပါတ်ကိုတော့ ဖြစ်တဲ့အချိန်က တွေ့သူတွေရဲ့ ပြောပြချက်အရ သိရှိထား တယ်။ တရားလို လျှပ်စစ် အဖွဲ့ဘက်က တိုင်ကြားချက်ဖွင့်တာပဲ ရှိသေးတယ်။ ကုမ္ပဏီဘက်ကို ဒီအမှုနဲ့ ပတ်သက်ပြီး မစစ်ဆေးရသေးဘူး” ဟု အမှုစစ် ရဲအရာရှိက ပြောကြားသည်။

အဆိုပါ ပင်မလျှပ်စစ်ကြိုး သွယ်တန်းထားမှု အခြေအနေကို ဒဂုံမြို့သစ် (တောင်ပိုင်း) လျှပ်စစ် ဓာတ် အားပေးရေး အဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ အဆိုပါအဖွဲ့ ရုံးဝန်ထမ်းတစ်ဦးက ၎င်းအနေနှင့် မဖြေကြား လိုကြောင်း ပြောကြားသည်။

အဆိုပါ ကွန်တိန်နာ ယာဉ်မောင်း ရှစ်ဦးကို လျှပ်စစ် ဥပဒေပုဒ်မ ၃၄/ ပုဒ်မ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက် ရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment