Monday 16 December 2013

ဆက်ကြေးကောက် နာဂတပ်သား သုံးဦးကို မတရားသင်း ပြစ်မှုဖြင့် ထောင်ခြောက်နှစ်စီ ပြစ်ဒဏ်ချ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာတွင် နိုဝင်ဘာလအတွင်းက ဆက်ကြေး တောင်းယူ ခဲ့သည့် နာဂလက်နက်ကိုင် တပ်သားသုံးဦးကို မြို့နယ်တရားရုံးက မတရားအသင်း ပြစ်မှုအရ ပြစ် ဒဏ် ခြောက်နှစ်စီ အမိန့်ချခဲ့ကြောင်း အဆိုပါ ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ခန္တီး တရားရုံးကနေ ဒီဇင်ဘာ ပထမပတ်က စီရင်ချက် ချလိုက်တယ်။ ဆက်ကြေး ငွေတောင်းတဲ့ ကိစ္စ ကတော့ သက်သေ မထွက်ရဲတော့ ပြစ်မှုမမြောက်ဘူး ဖြစ်သွားတယ်” ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်း က The Voice သို့ ပြောကြားသည်။

ယင်းပြစ်မှု ကျူးလွန်သူ နာဂ လက်နက်ကိုင် တပ်ဖွဲ့ဝင် ပါရှေး (၂၅) နှစ်၊ စကေး (၂၅) နှစ်၊ မောင်ရှင် (၂၈) နှစ်တို့ကို ခန္တီးမြို့နယ် တရားရုံးက မတရားအသင်း ပြစ်မှုပုဒ်မ ၁၇(၁)၊ (၂) တို့အရ သုံးနှစ်၊ ကြေးနန်း အက်ဥပဒေအရ သုံးနှစ် စုစုပေါင်း ခြောက်နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ခန္တီးရဲစခန်းထံမှ သိရှိရသည်။

ဆက်ကြေးငွေ တောင်းသော ဖြစ်စဉ်မှာ သက်သေ မထွက်ရဲ၍ ပြစ်မှုမမြောက် ဆိုသည်မှာ အဓိပ္ပာယ် မရှိသော စကားသာ ဖြစ်ကြောင်း၊ ယင်းကဲ့သို့သာ ဆက်ကြေး မတောင်းခံခဲ့ပါက ယခုကဲ့သို့ နောက် ဆက်တွဲ ပြစ်မှုများလည်း ဖြစ်ပေါ်ရန် အကြောင်းမရှိကြောင်း ခန္တီးမြို့ ဒေသခံတစ်ဦးက သုံးသပ် ပြောကြား သည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းက နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NNC) မှ တပ်သားသုံးဦးသည် ဆက်ကြေး တောင်းယူမှုများ ရှိသဖြင့် ဒေသခံများက ဖမ်းဆီးပြီး ဒေသဆိုင်ရာ အာဏာပိုင်များထံ အပ်နှံကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ညိုက The Voice သို့ ပြောကြားသည်။

အဆိုပါ တပ်သားများသည် သင်တန်းတက်ရန် ရှိသဖြင့် ယင်းကျေးရွာတွင် ကျပ် နှစ်သိန်း ငါးသောင်းခန့်ကို လမ်းစရိတ် တောင်းခံခဲ့ခြင်း ဖြစ်ပြီး လက်နက် ကိုင်ဆောင်ထားခြင်း မရှိကြောင်း ခန္တီးတပ်နယ် စစ်ဘက် အကြီးအကဲတစ်ဦးက ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေး ရယူထားသော နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCNK) နှင့် နာဂ လက်နက် ကိုင်တပ်ဖွဲ့ (NNC) တပ်ဖွဲ့တို့မှ တပ်သားအချို့သည် ဒီဇင်ဘာလ ဒုတိယပတ် အတွင်းက မြို့ နယ် အတွင်း ရွှေလုပ်ကွက် ကုမ္ပဏီအချို့နှင့် ဒေသခံများထံမှ ဆက်ကြေး တောင်းခံမှုများ ထပ်မံပြုလုပ် ခဲ့ပြီး ယင်းသို့ ဆက်ကြေး တောင်းခံမှုများ ပြုလုပ်နေသည်မှာလည်း ၂ နှစ်ကျော် ကြာပြီ ဖြစ်ကြောင်း ခန္တီးမြို့ခံ များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment