Monday 16 December 2013

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲ ရွေးကောက်ပွဲဝင်ပါက သိက္ခာရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမှန်တကယ် သိက္ခာကို တန်ဖိုးထားသော ပုဂ်္ဂိုလ်များဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘဲ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မ၀င်သင့်ဟု အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။
ပဲခူးတိုင်း သာယာဝတီမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် အခြေခံဥပဒေဆိုင်ရာ ပဲခူးတိုင်းလုံး ကျွတ် ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်သိက္ခာ ကို တကယ်တန်ဖိုးထားတဲ့ ပုဂ်္ဂိုလ်တွေဟာ ၂၀၁၅ ကျလို့ရှိရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ဘဲနဲ့ ရွေးကောက် ပွဲမ၀င်သင့်ဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ ကိုယ့်ဘက်ကို အလေးသာအောင် လုပ်ထားပြီးမှ ၀င်တယ်ဆို တာဟာ မသင့်လျော်ပါဘူး”ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံမပြင်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်လပ်မည်ဆိုသော်လည်း တရားမျှတမှုရှိမည်မဟုတ် ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မတို့ဟာ ဒီဖွဲ့စည်းပုံ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကိုထောက်ထားပြီး ၀င်မယ်ဆိုရင် ကျွန်မတို့က စွန့်စားပြီးဝင်ရမလား။ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီးဝင်ရမှာ ကျွန်မတို့က သိက္ခာကျစရာ ဘာမှမရှိဘူး။ အဆင်သင့်ယူပြီးတော့ ၀င်တဲ့သူတွေအတွက်တော့ သိက္ခာမရှိဘူးလို့ ကျွန်မ ဒီလိုပဲ ပြောပါ ရစေ”ဟု လာမည့် ရွေးကောက်ပွဲကို ရည်ညွှန်းပြီး သူမက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှလည်း ဖွဲ့စည်းပုံပါ ပြင်ဆင်သင့်သည့် အချက်များအား လာမည့်နှစ် ဇန်န၀ါရီလ မကုန်မီတွင် လွှတ်တော်သို့ တင်ပြမည်ဟု ကြေညာထားသည်။

သို့သော် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပါအချက်များအား ပြင်ဆင်မည်ဆိုပါက ပြည်ထောင် စုလွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်က သဘောတူမှသာ ပြင်ဆင်ရမည်ဖြစ်သည်။

လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ရေး သဘောထားရယူပါက လွှတ်တော်အမတ်များ လက်ခံဖို့လိုသည့် အပြင် အမတ်အားလုံး၏ ၂၅ ရာခိုင်နှုန်းပါဝင်သည့် တပ်မတော်သားအမတ်များ လက်ခံသဘောတူရန်မှာ လည်း အလွန်အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

“ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ်ကို မရောက်သေးပါဘူး။ လမ်းဝကိုပဲ ရောက်သေးတယ်။ လမ်းဝကနေ လမ်းပေါ်ရောက်ဖို့ တပ်မတော်အနေနဲ့ ကူညီဖို့လိုပါတယ်”ဟု ဆိုသည်။

ထို့ပြင် ပြည်သူများကလည်း ဖွဲ့စည်းပုံနှင့်ပတ်သက်သည့် သဘောထားများအား လွှတ်တော်သို့ စာဖြင့် ရေးသား အကြံပြုသင့်သည်ဟုလည်း သူမက တိုက်တွန်းပြောဆိုသည်။

“ကျွန်မတို့ပြည်သူတွေ လွှတ်တော်ကို စာရေးလို့ရတယ်နော်။ ဘာမှ ရှည်ရှည်ဝေးဝေး မရေးနဲ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မြန်ပြုပြင်ပြောင်းလဲလိုက်ပါဆို လုံလောက်တယ်”ဟု သာယာဝတီဒေသခံ များအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

သာယာဝတီမြို့နယ်တွင် ပြုလုပ်သော ပြည်သူ့ဆန္ဒ သဘောထားရယူပွဲတွင် ဖွဲ့စည်းပုံအား ပြင်ဆင်ရေး နှင့် အသစ်ရေးဆွဲရေး လူထုသဘောထားရယူရာမှာ ကိုးဆယ်ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘော တူခဲ့သည်ဟုလည်း ဟောပြောပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေညာခဲ့သည်။

သာယာဝတီမြို့ ခရိုင်ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်သော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပဲခူးတိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထားရယူပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်သော တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်က ကော့မှူးမြို့နယ် အဖျောက်ကျေးရွာတွင် ပြုလုပ်သည့် မြို့နယ်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲ အခမ်းအနားကိုလည်း ဒုတိယအကြိမ်မြောက် တက်ရောက်ခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment