Friday 13 December 2013

ရန်ကုန်တိုင်းဒေသကြီး၌ ယနေ့အထိ ဖွင့်လှစ်ခွင့်ပြုထားသော တရုတ်ဆေးခန်းနှင့် တရုတ်ဆေးဆရာဝန်များမရှိသေးဟု ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဝန်ကြီးပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယနေ့အချိန်အထိ ဖွင့်လှစ်ခွင့်ပြုထားသော တရုတ်ဆေးခန်းနှင့် တရုတ်ဆေးဆရာဝန်များ မရှိသေးကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်း အဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်း အောင်၏  " တရုတ်ဆေး ခန်း များနှင့် တရုတ်ဆေးဆရာဝန်များအား ဆေးကုသခွင့်ပြုရာတွင် သက်ဆိုင်ရာ ဆေးပညာတတ်ကျွမ်းမှု အထောက်အထားလိုင်စင်ရှိ မရှိ၊ ဆေးကုသခွင့်ပြုရာတွင် မည်သည့်ဌာနက တရားဝင် ခွင့်ပြုပေးသည်ကို သိရှိလိုကြောင်း " မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး၊ လူမှုရေး ၀န်ကြီး ဒေါက်တာမြင့်သိန်း က အထက်ပါ ကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခေတ်မီနည်းဖြင့် ကုသည်ဆိုသည့် တရုတ်ဆေးခန်းများသည် ရန်ကုန်မြို့တွင်း ဖွင့်လှစ်မှုများပြားလာကြောင်း၊ ယင်းဆေးခန်းများတွင် ကုသရန်လာရောက်စဉ်က တစ်မျိုး၊ ကုသနေစဉ် တစ်မျိုး ငွေကြေးကောက်ခံနေကြောင်း၊  ကုသရာတွင်လည်း အဆင်ပြေစွာကုသနိုင်ခြင်း မရှိတာကြောင့် ဆေးခန်းလာပြတဲ့လူနာများ စိတ်ဆင်းရဲမှုများရှိနေကြောင်း၊ တရုတ်ဆေးခန်းများနှင့် တရုတ်ဆရာဝန်များအကြောင်း သတင်းမီဒီယာများတွင် ဖော်ထုတ်ခဲ့သည်ကိုလည်း သက်ဆိုင်ရာက ထိရောက်စွာအရေးယူနိုင်မှု အားနည်းနေသေးကြောင်း စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းအောင်က ပြောကြားသည်။

" ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်ဆေးခန်းများနှင့် တရုတ်ဆေးဆရာဝန်များအား ခွင့်ပြုချက်လုံးဝ မရှိက ဆေးကုသခွင့်မပေးပါ။ ယနေ့အထိ ခွင့်ပြုထားသော တရုတ်ဆေးခန်းနှင့် တရုတ်ဆေးဆရာဝန်များ မရှိသေးပါ " ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၏ အရည်အသွေး တိုးတက်မှု လုပ်ငန်းများကိုပါ အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး ဥပဒေကို ၂၀၀၇ ခုနှစ် ဧပြီ ၅ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး ဆိုင်ရာ ကြီးကြပ်ရေးကော်မတီကိုလည်း ဗဟိုအဆင့်၊ တိုင်းဒေသကြီးပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး ဆေးရုံ၊ ဆေးခန်းလိုင်စင်ထုတ်ပေးခြင်းကို ပုဂ္ဂလိကကျန်းမာရေးဥပဒေနှင့် အညီ ဆောင်ရွက်လျက်ရှိ ပြီး ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိမရှိကိုလည်း အခါအားလျော်စွာ ဆောင်ရွက်နေကြောင်း ၊ နိုင်ငံခြားသား ဆေးကုသ ခွင့်ဆောင် ရွက်နိုင်ရန် ကန့်သတ် ဆေးကုသခွင့်လိုင်စင်အားလုပ်ထုံးနှင့် အညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပုဂ္ဂလိက ဆေးခန်းများတွင် တရားဝင်ဆေးကုသခွင့် ရရှိသည့် ဆရာဝန်များဖြင့်သာ ဆေးကုသရန်၊ ခွင့်ပြုလိုင်စင်တွင်မပါရှိ သည့် နိုင်ငံသား၊ နိုင်ငံခြားသား မည်သူမျှ ဆေးကုသခွင့် မရှိကြောင်း ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

 ကြည့်မြင်တိုင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သော အပိုလိုဆေးခန်းသည် ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်လှ စ်ခြင်းနှင့် မြန်မာနိုင်ငံဆေးကောင်စီတွင် ကန့်သတ်ဆေးကုသခွင့်လိုင်စင်ခွင့်ပြုချက် မရှိသော တရုတ်နိုင်ငံ သားများ ဆေးဝါးကုသမှုလုပ်ငန်းများ ပြုလုပ်နေသဖြင့် ကျန်းမာရေးဦးစီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ၂၀၁၃  ခုနှစ် ဇန်န၀ါရီတွင် ပိတ်သိမ်းရန်ညွှန်ကြားခဲ့၍ ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ဒေါက် တာမြင့်သိန်း က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment