Friday 13 December 2013

ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရေးအဆို မှတ်တမ်း အဖြစ်သာထားရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆုံးဖြတ်

ရန်ကုန်တိုင်းဒေကြီးအတွင်း မော်တော်ယာဉ် စီးရေ များပြားလာမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ အမြန်ဆုံး ဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ တင်သွင်းရာ ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်လိုက်သည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းကိုလှ တင်သွင်း ထားသည့် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရေး အဆိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဖြေရှင်းနေသည့် အတွက် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များ တိုးပွား လာသောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးဆိုးရွားရွားဖြစ် ပေါ်နေသည့်အတွက် ခရီးသွား ပြည်သူများ အဆင်ပြေစေရန် ယာဉ်ကြော ပိတ်ဆို့မှု အမြန်ဆုံး ဖြေရှင်းပေးရန် အဆိုကို ဒေါက်တာဝင်းကိုလှက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းရန် သက်ဆိုင်ရာ အဖွဲ့အသီးသီးနှင့် ပူးပေါင်းကာ နေ့စဉ် လုပ်ဆောင်နေကြောင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများ နည်းတူ ယာဉ်အန္တရာယ်များ ကင်းဝေးစေရန်အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး လုပ်ငန်းများလည်း လုပ်ဆောင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်းစေရန် ရန်ကုန်မြို့တော် အတွင်းရှိ အဓိကကျသော လမ်းပေါင်း ၃၇ လမ်းကို ယာဉ်မရပ်ရ နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြား သည်။

ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန်အတွက် ခုံးကျော်တံတား လေးစင်းကို တည်ဆောက် ထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ ပြောင်းလဲခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ လမ်းပိုင်းဆိုင်ရာ အခြေခံ အဆောက်အဦ မလုံလောက်ခြင်းနှင့် ယာဉ်မောင်းအချို့၏ စည်းကမ်း မလိုက်နာမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ကြုံတွေ့ ခဲ့ရကြောင်း မြို့ပြ တည်ဆောက်မှုဆိုင်ရာ ပညာရှင် အချို့က ထောက်ပြ ပြောဆိုထားသည်။

ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ် စီးရေ လေးသိန်းကျော် ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment