Friday 16 August 2013

ဗိုလ်တထောင်မြို့နယ်တွင်းရှိ အိမ်ရာစီမံကိန်းများ ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖော်မည်

အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်နေသော ဗိုလ်တထောင်မြို့နယ် (၃) ရပ်ကွက်ရှိ AOD၊ COD ဝင်းအတွင်း အိမ်ရာစီမံကိန်း ဆောက်လုပ်နေသော လုပ်ငန်းခွင်များ ရပ်ဆိုင်းပေးရန် ယင်း စီမံကိန်းမြေ ကို ပိုင်ဆိုင်သည်ဟု ဆိုသူများက ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်မည့် ဦးတင်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းရန် သြဂုတ်လ ၂၀ရက်နေ့တွင် မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ မြို့တော် ခန်းမရှေ့၊ ၃နာရီတွင် ဗိုလ်တထောင်ဘုရားလမ်းရှိ အဆိုပါဝင်းများအတွင်း ဆန္ဒထုတ်ဖော် သွား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရန်အတွက် ကျောက်တံတားမြို့နယ် ရဲစခန်းနှင့် ဗိုလ်တထောင်မြို့နယ် ရဲစခန်းတို့တွင် သြဂုတ်လ ၁၄ ရက်က ခွင့်ပြုမိန့် လျှောက်ထားခဲ့ကြောင်း ၎င်းကဆိုသည်။

“ဒီစီမံကိန်း လုပ်နေတဲ့ မြေနေရာက ကျွန်တော်အပါအဝင် အရင်ဒီရပ်ကွက်မှာနေတဲ့ လူ ၇၀ ရဲ့ မြေတွေပါ။ ကျွန်တော်တို့မှာ နှစ် ၉၀ ဂရန်ရှိတယ်” ဟု မြေပြန်လည် တောင်းခံမှုကို ဦးဆောင်သူ ဦးမြင့်အောင် က ပြော ကြား သည်။

အဆိုပါမြေများသည် ၁၉၂၃ ခုနှစ် ဝန်းကျင်လောက်တွင် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ သက်တမ်း ကုန်ပါက နောက်ထပ် သက်တမ်းနှစ်ခါ တိုးနိုင်သော နှစ် ၃၀ ဂရမ်ကို (စုစုပေါင်း နှစ် ၉၀) ထုတ်ပေးခဲ့ပြီး ၁၉၄၂ခုနှစ် မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်ရောက်လာစဉ် အဆိုပါ ရပ်ကွက်နေရာမှာ ဗုံးကြဲခံရသောကြောင့် ပျက်စီးခဲ့ကာ ၁၉၄၅ ခုနှစ် အင်္ဂလိပ်များ ဝင်ရောက်စဉ်ကတည်းက တပ်စွဲသိမ်းဆည်းထားသော မြေ များဖြစ်ပြီး စစ်လက်နက် သိုလှောင်ရုံများအဖြစ် အသုံးပြုခဲ့ကြောင်း အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၁၉၄၆ခုနှစ်တွင် ဗမာ့တပ်မတော်က ဆက်လက်အသုံးပြုခဲ့ပြီး ၁၉၄၇တွင် ယာယီသိမ်း အက်ဥပဒေအရ သိမ်းဆည်းခဲ့ကာ တော်လှန်ရေးကောင်စီ လက်ထက်တွင် စစ်လက်နက် သိုလှောင်ရုံများကို အင်းတိုင် သို့ ရွှေ့ပြောင်းခဲ့သောကြောင့် ကုန်သွယ်ရေးဌာနသို့ ၁၉၆၃ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် မြေငှားစာချုပ် ပယ်ဖျက်ကြောင်း အကြောင်းကြားစာကို မြေပိုင်ရှင်များထံ ပို့ပေးခဲ့ကြောင်း အထက်ပါ တာဝန် ရှိသူက ဆက်လက်ရှင်းပြသည်။

“ဥပဒေကြောင်းအရဆိုအခု တောင်းဆိုနေတာတွေက မခိုင်လုံဘူး” ဟု ၎င်းကဆိုသည်။

မြေငှားစာချုပ် ပယ်ဖျက်ကြောင်း အကြောင်းကြားစာကို ပြန်လည် တောင်းဆိုနေသူ ၇၀ ဦးခန့်တွင် ၁၀ ဦး ခန့်သာ ရရှိကြောင်း ဦးမြင့်အောင်က ဆိုသည်။

“ကျွန်တော်တို့ ဒီနေရာမှာနေတာ ကြာလှပြီ၊ ဘယ်မှလဲမပြောင်းဘူး။ ဘာအကြောင်းကြားစာမှ မရဘူး။ ပွင့်ပွင့်လင်းလင်းရှိရင် သတင်းစာကနေ ကြေညာပါလား” ဟု ၎င်းကဆိုသည်။

ယခုဆောက်လုပ်နေသော စီမံကိန်းများကို ၂၀၀၃ ခုနှစ်တွင် ရန်ကုန်မြို့တော် အိမ်ရာစီမံကိန်းများ ကြီးကြပ်မှုကော်မတီ၏ စီစဉ်မှုဖြင့် ၂၀၀၆ Asian Summit အမီ ဝါဝါဝင်း၊ အေဒင်၊ ယုဇန၊ ပတ္တမြားနဂါး၊ ချစ်ကြည်ရေးကုမ္ပဏီငါးခုကို အစိုးရက ၄၀ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း စနစ်ဖြင့် ဆောက်လုပ်စေ ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ကြောင်း၊ အစိုးရသစ် လက်ထက်တွင် ကုမ္ပဏီများ၏ တင်ပြမှုကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ၌ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ယခုသမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က ပြန်လည် ဆောက်လုပ်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကောင်းဆက်နိုင်
The Voice Weekly

No comments:

Post a Comment