Friday 16 August 2013

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတ ဦးသိန်းစိန်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့ကို တွေ့ဆုံခွင့် တောင်းခံကာ သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမည်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် သမ္မတဦးသိန်းစိန်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ကို တွေ့ ဆုံခွင့် တောင်းခံကာ သတင်းမီဒီယာဥပဒေကြမ်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးမည်ဟု သတင်း ထုတ်ပြန် ချက်အရ သိရသည်။

သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရာတွင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်ရန်၊ နိုင်ငံသားတို့၏ သတင်းသိခွင့်ကို ဖြည့်ဆည်းပေးရန် အပါအ၀င် နိုင်ငံတော်နှင့် နိုင်ငံ သားအားလုံး အကျိုးငှာ ကောင်စီက ရေးဆွဲထားသည့် သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းမည့် လုပ်ငန်းစဉ်များ၊ ပြန်ကြားရေး ၀န်ကြီးဌာနက ကောင်စီ၏ ပြင်ဆင် အကြံပြုချက်များ မပါဝင်ဘဲ ရေးဆွဲထားပြီး ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပါ ကောင်စီက သဘောမတူ၊ ကန့်ကွက်၊ ပြင်ဆင်ထားသည့် အချက်များ၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ကောင်စီအကြား အထက်ပါ ဥပဒေနှစ်ခုအပေါ် အမြင်မတူ ကွဲပြားချက်များ၊ နှစ်ဖက် သဘောတူ ထားခဲ့သည့် ကတိက၀တ်များ၊ နှစ်ဖက် အချေအတင် ဖြစ်ပွားခဲ့သည်များနှင့် ကောင်စီက မကြာမီ တင်သွင်းမည့် သတင်းမီဒီယာ ဥပဒေအပေါ် ထောက်ခံ ဆွေးနွေးပေးရန် စသည့်အချက်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း ဖော်ပြထားသည်။

သတင်းမီဒီယာ ဥပဒေသည် အမှန်တကယ် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို ရည်ရွယ်ရေးဆွဲ ထားခြင်းဖြစ်ပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲများ မထားဘဲ မည်သည့်ပါတီ၊ လွှတ်တော် ကိုယ်စားလှယ်က တင်သွင်းသည့် ဥပဒေဖြစ်စေ ထောက်ခံဆွေးနွေး သွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သည် ဟု ဖော်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း မည်သည့် အရေးကိစ္စမဆို၊ မည်သည့် ဥပဒေမဆို ပြည်သူလူထု အကျိုးရှိမည် ဆိုပါက ထောက်ခံ ဆွေးနွေး မည်ဖြစ်ကြောင်း၊ လွှတ်တော်နှစ်ရပ်လုံးရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ပါတီ၏ ဦးတည်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ပါက လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့် ပြု ထားကြောင်း၊ ယင်းလွှတ်တော် ကိုယ်စားလှယ်များ ကလည်း ပြည်သူလူထု အကျိုး ကာကွယ်စောင့်ရှောက်မည့် ဥပဒေမျိုးဖြစ် ပါက ထောက်ခံဆွေးနွေး ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ကောင်စီက ရေးဆွဲထားသည့် သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်း ပေးမည်ဟု ကမ်းလှမ်းလာသည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ ယင်းပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် တို့နှင့် တွေ့ဆုံကာ လာမည့် တနင်္လာနေ့ (၁၉- ၈-၂၀၁၃) တွင် အမျိုးသား လွှတ်တော်မှ တစ်ဆင့် တင်သွင်းရန် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် သြဂုတ် ၁၃ ရက်က နေပြည်တော် ရှိ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ပါတီဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် တို့နှင့် တွေ့ဆုံခဲ့ကြောင်း ပါရှိသည်။

Eleven Media Group

No comments:

Post a Comment