Friday 16 August 2013

ပလိပ်မှ ကယ်တင်လာသော ခွေး ၁၀၀ ကျော်ကို သန်လျင် ခွေးခြံတွင် ယာယီထားမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောင်းစားမည့် ခွေးများကို မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ရှိ ခွေးခြံမှ ကယ်တင်ကာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ရွှေပျောက်ကျေးရွာတွင် ရှိသည့် ခွေး ဘေးမဲ့ခြံ တွင် နှစ်လယာယီထားရှိမည်ဖြစ်ကြောင်း အဆိုပါ ခွေးများကို ကယ်တင်ခဲ့သည့် ဒေါ်မြတ်သက်မွန်က ပြော ကြားသည်။
“စည်ပင်ကို တင်ပြတုန်းကတော့ ခွေး ၁၇၂ ကောင်ပါ။ စည်ပင်က အစ်မဆီ ကို လွှဲပေးတော့ ခွေးက ၁၃၉ ကောင်ပဲ ကျန်တော့တယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ရတာဆိုတော့ ကြားထဲမှာ ရက်ကြာ သွားတော့ သေသွားတဲ့ ခွေးတွေလည်း ရှိတယ်။ ခွေးတွေကို ပလိပ်ကနေ သန်လျင်ကို ၁၂ ဘီး ကားနဲ့ သယ်လာတာ။ ကားပေါ်ကနေ ခုန်ချတဲ့ ခွေးတွေ ရှိလို့ လိုက်ဖမ်းတာ နှစ်ကောင်ကတော့ မမိလိုက်ဘူး၊ လွတ်သွားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ခွေးများကို သန်လျင်ရှိ ပေ ၁၂၀ အကျယ်ရှိ ခွေးခြံတွင် ယာယီ နှစ်လသာ ထားရှိမည် ဖြစ် ပြီး ခွေး ချစ်သူများ လှူဒါန်းထားသည့် အလှူငွေများဖြင့် ခွေးများအတွက် လုံခြုံ စိတ်ချရသည့် အဆောက်အအုံများ တည်ဆောက်ပြီးပါက ယင်းနေရာသို့ ပြောင်းရွှေ့ ထားရှိမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အခုလောလောဆယ်တော့ အလှူငွေကောက်တဲ့ ကိစ္စတွေကိုရပ်ထားတယ်။ ရန်ကုန်မှာ ခွေးနဲ့ ပတ်သက် တဲ့ အဖွဲ့အစည်းကို သေသေချာချာ ဖွဲ့ပြီးတော့မှပဲ စာရင်းစစ် တစ်ယောက် ထားပြီး အလှူ ငွေတွေ လက်ခံမယ်” ဟု ဒေါ်မြတ်သက်မွန်က ဆိုသည်။

မန္တလေးမြို့တော်တွင်လည်း ခွေးချစ်သူများ စုစည်းကာ အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းမည် ဖြစ်ပြီး ယခင်က ရှိခဲ့ဖူးသည့် ခွေးဘေးမဲ့ ခြံနေရာကို ထပ်မံ လုပ်ဆောင်ခွင့် ပေးရန် သက်ဆိုင်ရာသို့ တင်ပြသွား မည် ဖြစ်ကြောင်း ပလိပ် ခွေးခြံရှိ တရုတ်ပြည်သို့ ရောင်းစားခံရမည့် ခွေးများကို ခွေးခြံ ပိုင်ရှင်ထံမှ ဝယ်ယူ ကယ်တင်ခဲ့သည့် မန္တလေးမြို့မှ ခွေး ချစ်သူ ဒေါ်စောယုအေးက ပြောကြားသည်။

သြဂုတ် ၁၃ ရက်နေ့ကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C)၊ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနက ရှင်းလင်း သုတ်သင်မည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဝင်းရှိ ပိုင်ရှင်မဲ့ လေလွင့် ခွေး အကောင် ၈၀ ကျော်ကို ဒေါက်တာ စန်းရည်ထက်နှင့် မကေခိုင်သူရတို့က တစ်ပတ် အတွင်း ကယ်တင်ခဲ့ ရကြောင်း ဒေါက်တာ စန်းရည်ထက်က ပြောကြားသည်။

ခွေးများကို ကယ်ဆယ်သူများ အနေနှင့် ခွေးများကို ကယ်ဆယ်ရုံ သာမက ခွေးကိုက်ခံရသော လူများ ကို ခွေးရူးပြန်ရောဂါ မဖြစ်စေရန် မည်ကဲ့သို့ ကူညီ ဆောင်ရွက်မည်ကို ထည့်သွင်း စဉ်းစား သင့်ကြောင်း ဒေါက်တာ ထွန်းလင်းအောင်က အကြံပြုထားသည်။

ခွေးရူးပြန် ရောဂါသည် အာရုံကြောဆဲလ်ကို ဖျက်ဆီးသည့် Rabies Virus ကြောင့် ဖြစ်ပွားပြီး အဆိုပါ ရောဂါပိုးရှိသော လူ၊ ခွေး၊ ကြောင်၊ လင်နို့၊ တိရစ္ဆာန်များ အကိုက်ခံရခြင်း၊ ခွေးနှင့် ကြောင်၏ သွားရည်များမှတစ်ဆင့် လူ့အရေပြားပေါ်ရှိ ထိခိုက်ရှနာ၊ ပွန်းပဲ့ ဒဏ်ရာတို့မှတစ်ဆင့် ကူးစက်ခံ ရနိုင်ကြောင်း၊ ရောဂါကူးစက်ခံရသူတွင် အဖျားငုတ်နေတတ်ပြီး ခွေးကိုက်ခံရသည့် နေရာယားယံ နာကျင်လာခြင်း၊ ရေကြောက်ခြင်း၊ စိတ် ကယောင်ချောက်ချား ဖြစ်ခြင်း၊ အာရုံကြောဆိုင်ရာ ရောဂါ များ ဖြစ်ခြင်း၊ ခွေး ကဲ့သို့ ကိုက်ခြင်း လက္ခဏာများ ပြ၍ တစ်ပတ်အတွင်း သေဆုံးနိုင်ကြောင်း၊ ခွေးရူးရောဂါ သည် ကာကွယ်ရန်သာရှိပြီး ရောဂါ ဖြစ်လာပါက သေဆုံးရန် ရာခိုင်နှုန်း အပြည့်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာန၏ ခွေးရူးရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment