Friday 16 August 2013

မန္တလေးလေဆိပ် တင်ဒါအောင်ကုမ္ပဏီ ရွေးချယ်ပြီးသော်လည်း လုပ်ငန်းမစနိုင်သေးဟုဆို

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး) ကို လေကြောင်း ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေး လေဆိပ်အဖြစ် အဆင့်မြှင့်တင်ရေး ပုဂ္ဂလိက ကုမ္ပဏီနှင့် အကျိုးတူ လုပ်ကိုင်မည့် တင်ဒါအောင် ကုမ္ပဏီ ရွေးချယ်ပြီးသော်လည်း လုပ်ငန်းအသေးစိတ် ညွှန်ကြားချက် စောင့်နေရသဖြင့် လုပ်ငန်း မစတင်နိုင်သေးကြောင်း အဆိုပါလေဆိပ် အထွေထွေမန်နေဂျာ ဦးစိုးလွင်က The Voice သို့ ပြောကြားသည်။

“ကျွန်တော်တို့လည်း လုပ်ငန်းအသေးစိတ် မသိသေးဘူး။ ညွှန်ကြားချက်ကို စောင့်နေရတာ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးခြင်းဖြင့် လေဆိပ် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း များ မြန်ဆန်လာနိုင်မည် ဖြစ်ပြီး ကုမ္ပဏီများဘက်ကလည်း ဝန်ဆောင်မှု အကောင်းဆုံးပေးရန် လိုအပ်ကြောင်း မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အကျိုးတူလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် Mitsubishi-Juluhin Association With SPA(Japan)၊ Munich-Urban FormtierAung Myanmar Essar (Germany)၊ ITNL International P.te (စင်ကာပူ)၊ China Harbour Engineer-ing Co.,Ltd (China)၊ AVIC International Holding Coporation (China)၊ VINCl Airport (ပြင်သစ်)နှင့် Houygues Batiment International (ပြင်သစ်) ကုမ္ပဏီ ၇ ခု အနက်မှ ဂျပန်နိုင်ငံ လေကြောင်း ကုမ္ပဏီ Mitsubishi-JaluxInc ကုမ္ပဏီ ကို ရွေးချယ်ပြီး အရန် ကုမ္ပဏီအဖြစ် ပြင်သစ်နိုင်ငံ VINCI Airport ကုမ္ပဏီကို ရွေးချယ်ထားကြောင်း ယင်းလေဆိပ် တာဝန်ရှိသူထံမှ သိရှိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး) မှ ပြည်ပခရီးစဉ်များအဖြစ် China Airline ဖြင့် တရုတ်နိုင်ငံ ကူမင်းလေဆိပ်သို့လည်းကောင်း၊ မြန်မာ့လေကြောင်း၊ AirBagan၊ Thai Airways၊ Air Asia လေကြောင်းလိုင်းတို့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ လည်းကောင်း၊ MAI လေကြောင်း ဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့လည်းကောင်း တိုက်ရိုက် ပြေးဆွဲလျက် ရှိကြောင်း မြန်မာ့လေကြောင်း ထံမှ သိရှိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့တည်ဆောက်ရန် အဆိုပြုလွှာများကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စတင် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။
The Voice Weekly

No comments:

Post a Comment