Friday 16 August 2013

ပြည်ပဆန် တင်ပို့မှု၏ ရာခိုင်နှုန်း ၈၀ ခန့်ရှိသည့် တရုတ်ဈေးကွက်မှ ယခုနှစ်အတွင်း မြန်မာ့ဆန် တန်ချိန် လေးသန်း ၀ယ်ယူရန် စီစဉ်နေ

8.1.1
ပြည်ဆိပ်ကမ်း၌ ပြည်တွင်းသွား သင်္ဘောတစ်စင်းပေါ်သို့ ဆန်အိတ်များ တင်ဆောင်နေစဉ် (ဓာတ်ပုံ-နီလာ)
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု၏ ရာခိုင်နှုန်း ၈၀ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ယခု ဘဏ္ဍာနှစ် အတွင်းတွင်လည်း တရုတ်နိုင်ငံမှ မြန်မာ့ဆန်တန်ချိန် လေးသန်းအထိ ၀ယ်ယူရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
''ပြီးခဲ့တဲ့နှစ်က တရုတ်ကို တန်ချိန် ၈၀၀၀၀ လောက်သွားခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တရုတ်က တန်ချိန် လေးသန်းလောက် ၀ယ်မယ်ဆိုပြီး official ကြေညာထားတာ။ တန်ချိန် လေးသန်းလောက် official ပြောတယ်ဆိုတော့ ခြောက်သန်းလောက် ၀ယ်နိုင်စရာ ရှိတာပေါ့။ ဒီကသာ ရောင်းနိုင်မယ်ဆိုရင် တစ်သန်းခွဲ နှစ်သန်းကတော့ အေးဆေး ထွက်သွားမှာပါ'' ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံ မှုများကြောင့် မြန်မာနိုင်ငံ ၏ ပြည်ပဆန် တင်ပို့မှုကို မထိခိုက်နိုင်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့ခဲ့သည့် ဆန်တန်ချိန် တစ်သန်းခွဲ တင်ပို့ခဲ့ကြောင်း သိရသည်။

''မနှစ်ကလည်း ပြည်ပကို ဆန်တန်ချိန် တစ်သန်းခွဲ တင်ပို့ခဲ့တယ်။ ဒီနှစ်မှာလည်း ဆန်တန်ချိန် တစ်သန်းခွဲအောက်တော့ လျော့မှာ မဟုတ်ဘူး။ ရေကြီးရေလျံမှုတွေ ဖြစ်ပွားခဲ့တယ် ဆိုတာက နှစ် စဉ် ဖြစ်ပွားခဲ့တာတွေ ပိုပြီးထူးကဲပြီး ဖြစ်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် ဒီနှုန်းထားကတော့ အနည်းဆုံး ပို့နိုင်မှာပါ'' ဟုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဇူလိုင်လကုန်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိကြောင်း၊ လေးလအတွင်း နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၇၄၀ ကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၈၈ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားကာ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူ ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါကလည်း အမေရိကန်ဒေါ်လာ ၁၃၉ သန်းကျော်ဖိုး ပိုမိုကုန်သွယ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။ နယ်စပ်တစ်လျှောက် တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၄ ခုရှိပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်လျက်ရှိပြီး တရုတ်နိုင်ငံဘက်သို့ လယ်ယာထွက်ကုန် ပစ္စည်းများ အများဆုံး တင်ပို့နေသည့် ကုန်သွယ်ရေး စခန်းတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံမှ ၂၅ မှတ်ဆန်များကို တရုတ်နှင့် အာဖရိကသို့ တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ တန်းမြင့် ၅ မှတ်ဆန် တန်ချိန် ၅၀၀၀ တင်ပို့ထားပြီး ဆက်လက် တင်ပို့သွားရန်လည်း စီစဉ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment