Tuesday 25 December 2012

ဝန်ကြီး စီးပွားရေးသမားများနှင့် ပေါင်းပြီး လူထုအရေး မျက်ကွယ်ပြု

ရခိုင်မှ ပုဇွန်မွေးမြုရေးတာ (ကန်) တစ်ခုအား တွေ့ရစဉ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင်ပါဝင်နေသော လယ်ယာနှင့်စိုက်ပျိုးရေး ၀န်ကြီး ဦးကျော်သိန်း သည်စီပွားရေး သမားများနှင့် ပူးပေါင်းပြီးပြည်သူများ၏ အရေးကို မျက်ကွယ်ပြုနေကြောင်း ဒေသခံ လယ်သမားများက  ပြော ကြားသည်။

ဝန်ကြီး ဦးကျော်သိန်းမှ ဂီရိမုန်တိုင်းအတွင်း  ကျိုးပေါက်သွားသော မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ တာတမံ များကို ဆည်ဖို့နေရာတွင် အများစု ဒေသခံ ပြည်သူများဘက်မှ မရပ်တည်ဘဲ ပုဇွန် လုပ်ငန်းရှင်များဘက်မှ ရပ်တည် လုပ်ကိုင် ဆောင်ရွက်နေသည်ဟု လယ်သမားများက ပြောသည်။
“ အခု ကျွန်တော်တို့ ငမန်းရဲကျွန်းမှာ နိုင်ငံတော်ကနေ  မနှစ်ကစပြီး ကျွန်းပတ်ကာရီ (တာတမံ) ကို ဆည်ပေးနေပါတယ်။ အဲသလိုဆည်နေတဲ့ နေရာမှာ ဦးခင်မောင်လှ ဦးဆောင်တဲ့ ပုဇွန်လုပ်ငန်းရှင် ၂၀ လောက်က သူတို့ ရေငံ သွင်းပေါက် တွေကို ပိတ်ပြီး တာတမံ မဆည်ရဘူး ပြောဆိုနေတဲ့ အတွက် တာတမံတွေကို ဆည်နေတာကို ရပ်နားထားရပါတယ်။

သူတို့က ဘာပြောလဲဆိုတော့ သူတို့ ပုဇွန်မွေးမြူဖို့ကို လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဦးကျော်သိန်းက ခွင့်ပြုထားတယ်လို့ ပြောတယ်။

ဆည်မြောင်းဌာနက ခွင့်ပြုစာ တောင်းတဲ့အခါမှာ နှုတ်နဲ့ ခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြာင့် ၀န်ကြီး ဦးကျော်သိန်းဆီမှ ခွင့်ပြုချက်စာလာမှ ဆည်ပါဆိုပြီး ဆည်မြောင်းကဆည်ဖို့လုပ်တာကို အနှောင့် အယှက် ပေး ပါတယ်” ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။

စပါးစိုက်ခင်းများသို့ ပင်လယ်ဆားငံရေမ၀င်ရန်အတွက် တာတမံဆည်ရာတွင် ရေငံ ၀င်ပေါက်များ အားလုံးကို ပိတ်ဆို့ဆည်ရမည် ဖြစ်သော်လည်း ယခုအခါ ၀န်ကြီးအားကိုးဖြင့် ပုဇွန်လုပ်ငန်းရှင်များ တားမြစ်နေသဖြင့် ဆားငံဝင်ပေါက်များကို မဆည်ဖို့နိုင်ဘဲ ဖြစ်နေကြသည်ဟု သိရသည်။

ငမန်းရဲကျွန်းတွင် ယခင်ဆည်ဖို့ထားသော တာတမံများမှာ သဘာဝဘေးဒဏ် အမျိုးမျိုးကြောင့် ပျက်စီးခဲ့ ရာမှ  အစိုးရက ပြန်လည် မပြုပြင်ဘဲရှိနေရာ ထိုအားနည်းချက်များကို အခွင့်ကောင်းယူပြီး ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များက တာတမံများကို ဆားငံရေများသွင်းကာ ပုဇွန်မွေးမြူနေကြသည်ဟု သိရသည်။

“ ဆားငံ ၀င်ပေါက်တွေကို မပိတ်ရင်စပါး စိုက်လို့ မရပါဘူး။ ဒီဆားငံ ၀င်ပေါက်တွေကို ပိတ်မှ စပါး စိုက်လို့ ရမှာ ဖြစ်ပါတယ်။ ဆားငံရေမ၀င်ရအောင် တမံတုတ်နေတာမှာ အခု ပုဇွန်သမားတွေကြောင့် အခက်ကြုံနေ ရပါတယ်။

အခု ရခိုင် ၀န်ကြီး ဦးကျော်သိန်းရဲ့ ညွှန်ကြားချက်အရ တာတမံ ဆည်နေတာကို ရပ်နားထားရပါတယ်” ဟု အမည်မဖေါ်လိုသူ ဆည်မြောင်း တာဝန်ရှိသူ တစ်ဦးက  ပြောသည်။

ယခုကဲ့သို့ တာတမံ ဆည်ဖို့နေသည်ကို ရပ်နားထားရန် ၀န်ကြီး ဦးကျော်သိန်းမှာ ညွှန်ကြာထားခြင်းမှာ ယခုလ ၁၉ ရက်နေ့က ပုဇွန် လုပ်ငန်းရှင်များမှ တာတမံဆည်ဖို့ပါက သူတို့ လုပ်ကိုင်နေသော ပုဇွန်တာ(ကန်)များ ပျက်စီးသွားမည် ဖြစ်ကြောင်း ၀န်ကြီးကို သွားရောက် တိုင်ကြားခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။


“ ဆည်မြောင်းဌာန၏ တားမြစ်ချက်ကို မကျေနပ်တဲ့ အတွက် ပုဇွန်ကန်ပိုင်ရှင်တွေက ဒီဇင်္ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီး ဦးကျော်သိန်းနှင့် သွားရောက် တွေ့ ဆုံ တယ် လို့သိရပါတယ်။

 အဲဒီ နောက်မှာ ၀န်ကြီးက ပြည်နယ် ဆည်မြောင်းဌာနဦးစီးမှူးကို တာတမံဆည်ဖို့ နေတာကို ရပ်တန့် ထားဖို့  ဖုန်းနဲ့  အကြောင်းကြားလာပါတယ်” ဟု ဆိုသည်။

၁၉၆၇ ခုနှစ်က ရခိုင်တွင်  ဖြစ်ပွားခဲ့သော မုန်တိုင်းကြီးကြောင့် ငမန်းရဲကျွန်းတစ်ခုလုံး ရေနစ်ခဲ့ပြီး လူပေါင်း ထောင်ချီ သေဆုံးခဲ့ပြီး နောက်ပိုင်း ၁၉၆၈ ခုနှစ်မှ စပြီး နိုင်ငံတော် အစိုးရက တာတမံများ ဆည်ဖို့ပေးခဲ့ရာ လယ်ဧက ၅၀၀၀ ကျော် စိုက်ပျိုး နိုင်ခဲ့သည်ဟု သိရသည်။

၂၀၁၀ ခုနှစ်က အောက်တိုဘာလ အတွင်းက တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းကြောင့် တာတမံ အများအပြား ပျက်စီးသွားခဲ့သဖြင့် လယ်ယာမြေများစွာကို မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေခဲ့သဖြင့် နိုင်ငံတော် မှ ပြန်လည်ပြီး တာတမံများကို ပြန်လည် ဆည်ဖို့ပေးနေကြောင်း သိရသည်။

ငမန်းရဲကျွန်းတွင် ပုဇွန်လုပ်ငန်းရှင်များ ပုဇွန်မွေးမြူနေမူကြောင့်  ဒေသခံ လယ်သမားများ ထိခိုက်မှု ရှိနေ သည်ဟု မြေပုံမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း  နိရဉ္စရာသို့ အတည်ပြု ပြော သည်။

“အစိုးရဆည်ပေးတဲ့ တာတမံထဲမှာ ပုဇွန်ကန် လုပ်လို့မရဘူး၊ ရေငံသွင်းလို့ လည်းမရဘူး။ ရေငံ သွင်းလိုက်တာနဲ့ စပါးစိုက် နေတဲ့ တာတမံတွေဟာ အားလုံး ဆာငံရည်မြှုပ်သွားတယ်။

လယ်သမားတွေက စပါးစိုက်တဲ့အချိန်မှာ လုံးဝ လုပ်စားလို့ မရ ဖြစ်သွားတယ်။ ဒီကိစ္စကို အလေးအနက် ထားပြီး ဖြေရှင်းပေးသင့်ပါတယ်” ဟု သူကပြောသည်။

ဒေသခံ လယ်သမားများ အနေဖြင့် ငမန်းရဲကျွန်းတွင် တာတမံများကို ဖေါက်ပြီး ဆားငံရေသွင်းကာ ပုဇွန်မွေးမြူနေသည်ကို ရပ်ဆိုင်းပေးရန် နိုင်ငံတော်နှင့် ပြည်နယ် အဆင့်ထိ တက်ရောက် တိုင်ကြားရန် စီစဉ်နေသည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန

No comments:

Post a Comment