Thursday 6 December 2012

"ကျုပ်တို့  ဘာကို ယုံကြည်နေရအုံးမှာလဲ"

ရှင်းရှင်းလေးပါဘဲ ။ မြန်မာနိုင်ငံလူ့ အခွင့်ရေးကော်မီတီ ရှိလေတော့  လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ  မရှိတော့ဘူးပေါ့ ။  သမ္မတအ ကြံပေးအဖွဲ့ တွေ ရှိလာတော့ အကောင်းဆုံးအကြံတွေ သမ္မတကို ပေးနိုင်ကြပြီပေါ့ ။
တရားဥပဒေစိုးမိုးရေးကော်မီတီဖွဲ့ တော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌဖြစ်တော့ မြန်မာနိုင်ငံမှာ မတရားတာတွေ လုပ်ကြမှာ မဟုတ်တော့ဘူးပေါ့ ။ ပြောရအုံးမယ် ။ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပတ်တော့ မြန်မာနိုင်ငံအစိုးရက နာမည်ကောင်းရလိုက်တာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့  အစိုးရတွေ လက်ဖျားခါလောက်အောင် ချီးကြူးကြရပြီပေါ့ ။

နိုဗယ်ငြိမ်းချမ်းရေးဆုကိုတောင် သမ္မတ ဦးသိန်းစိန်က နာမည်တစ်ပေးခံရပြန်တော့ ဟုတ်သားဘဲလို့    ပြောရတာပေါ့ ။

 ငြိမ်းချမ်းရေးကောင်စီ ဖွဲ့ တော့ မြန်မာနိုင်ငံမှာ ငြိမ်းရေးလမ်းစတွေ ပေါ်ပြီး စစ်မှန်တဲ့  ငြိမ်းချမ်းရေး ရကြပြီပေါ့ ။

 ပြောစရာတွေ တပုံကြီး ရှိသေးပေမဲ့ ဆက်မပြောတော့ဘူး ဒေါ်မာမာအေးရယ်- ဒီလောက်ကလေးကိုဘဲ ပြန်လည်ဆန်းစစ်ကြည့်ပါရစေတော့လို့  ပြောရတော့မှာပါ။  မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မီတီရှိတော့ တကယ်ဘဲ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပပျောက်သွားပြီလား ။ ကျုပ်မထင်ဘူး ။

 ကြားနေရတဲ့  သတင်းတွေက နားနဲ့ မဆန့် ကြားနေရတုံး ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ လက်ပံတောင်းတောင် ဆန္ဒပြပွဲကို နှိပ်ကွပ်ဖို့ ဟာကို တိတိကျကျ လုပ်ဖို့  အကြံတွေ ပေးလိမ့်မယ်လို့  ကျုပ်မထင်ပါရစေနဲ့ ။

တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုကို တရားသူကြီးအရာကနေပြီး ဆုံးဖြတ်ဖို့  မရတော့ဘဲ ပုလိပ်အလုပ်ကို လုပ်ဖို့  စုံစမ်းရေးကော်မရှင် အလုပ်ကို လက်ခံလိုက်တာ ပွဲက ကြည့်မကောင်းပါဘူးလေ ။

 စုံစမ်းရေးကော်မရှင်ဆိုတာ ပုလိပ်အလုပ်တွေဆိုတာ လူတိုင်းသိပါတယ်။ တကယ်တော့  ဒေါ်အောင်ဆန်းစုကြည်က ဒီပုလိပ်အလုပ်ကို ဘာမှ လုပ်စရာ မလိုအပ်ဘူးထင်ပါတယ် ။ ပြီးတော့ ဘာကိုစုံစမ်းကြမှာပါလိမ့် ။ ဒဏ်ရာရသူ လူနာတွေ ဖြစ်တဲ့  ရဟန်းပြည်သူတွေကို အခင်းဖြစ်တာနဲ့  ဆေးရုံတက်ရောက် ကုသနေတာကို စုံစမ်းမှာ တခုထဲလား ။

 ဒီလိုအခင်းဖြစ်ပွါးစေပြီး အကြမ်းဖက်ဖြစ်အောင် ပြုလုပ်သူတွေကို ဘယ်သူမှန်းသိစေဖို့  စုံစမ်းရဲပါ့မလား  မြန်မာ့စီးပွါးရေးဦးပိုင်ကုမဏီ အဓိက တာဝန်ရှိတဲ့ သူတွေပါလို့  လူတွေ ဝေဖန်နေတဲ့ အတွက် အဲဒီဦးပိုင်ကို စုံစမ်းရမယ်ဆိုတာ လူတိုင်းသိပါတယ် ။

ဒါပေမဲ့  စုံစမ်းစစ်ဆေးရေးကော်မီတီမှာ ဦးပိုင်က အဖွဲ့ ဝင်အဖြစ် ပါနေတော့ ဒီစုံစမ်းစစ်ဆေးရေးကော်မီတီရဲ့  စစ်ဆေးမှုဟာ တရားမျှတမှု ဘယ်မှာ ရှိနိုင်ပါ့မလဲလို့  ပြောရတော့မှာပါ ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ က အဖွဲ့ ဝင်တဦးပြောတာက စုံစမ်းစစ်ဆေးရေးကော်မီတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံဆောင်ရွက်သွားမှာပါတဲ့  ၊

 ကျုပ် မယုံချင်လိုက်တာ ။
   ပြီးတော့ ဦးပိုင်ကုမဏီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာယက ဥသျှောင်ဖြစ်နေတော့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မီတီဟာ ပွဲစခင်ကတည်းက ဂိုးအပြတ်နဲ့  ရှုံးနေပါပြီ ။ အခုဖြစ်နေတာ ဦးပိုင်နဲ့  ၀မ်ပေါင်ရဲ့ ပြသနာဆိုတာထက် အဓိက ဦးပိုင်ကုမဏီနဲ့  စာရင်းရှင်းရမဲ့  ပြသနာဖြစ်နေတာပါ ။

ဒါပေမဲ့  အကြမ်းဖက်ခံရသူများက တရားတပေါင် မစွဲရဘဲ ဘယ်လိုလုပ်ပြီး စုံစမ်းစစ်ဆေးရေးကော်မီတီက ခံရသူနဲ့  ပြုလုပ်သူဆိုပြီး ဘယ်သူ့ ကို ခေါင်းစဉ်တပ်ပြီး စုံစမ်းလို့  ရပါ့မလဲ ။ ဒါကြောင့် လက်ပံတောင်းတောင် အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးဖို့ အတွက် မည်သူမဆို တရားစွဲဆိုခွင့်ကို ပထမဦးစွာ ပြုလုပ်ခွင့်ပေးရပါမယ်။

ဒီလို တရားစွဲဆိုပြီးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ က တရားစွဲသူများကို ပုလိပ်စစ်သလို စစ်ဆေးမေးမြန်းခွင့်တွေ ရလာကြမှာပါ ။  ဒီတော့ အမှုမှန် ပေါ်ထွက်လာဖို့  တရားသူကြီးများက အဲဒီအမှုကို စီရင်ချက်ချမှတ်ပြီး တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်မှန်ကန်အောင် ဆောင်ရွက်သင့်ပါတယ် ။


 ဒီတော့ခါ တရားသူကြီးများက တရားစီရင်ဆုံးဖြတ်ချက်ချမှတ်တာကို   တော်၏သင့်၏ လျော်၏ ဖြောင့်မတ်၏ ဆိုသလားဆိုသည်ကို တိတိကျကျ စစ်ဆေးပြီး တရားဥပဒေစိုးမိုးရေးကော်မီတီက ထောက်ခံချက် ပေးကာ ပြုလုပ်သင့်ပါတယ် ။

ဒါ့ကြောင့်မို့ လို့  အခုသမ္မတက ဖွဲ့ စည်းပေးထားတဲ့  စုံးစမ်းစစ်ဆေးရေးကော်မီတီမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ ဝင်အဖြစ် ပါဝင်ရန် ဘယ်လိုနည်းနဲ့ မှ မသင့်လျော်ကြောင်း ထင်မြင်ယူဆပါတယ် ။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးနေရာဟာ တရားဥပဒေစိုးမိုးရေးကော်မီတီ ဥက္ကဋ္ဌ ဆိုတဲ့  နေရာသာဖြစ်ပါတယ် ။

 ခက်တာက ဒီပဲယင်းမှာတောင် သေသူသေ ကြေသူကြေနဲ့  ခုတောင် ဒဏ်ရာတွေ မပျောက်နိုင်သေးတဲ့ အပြင် ကာယကံရှင်ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်တောင် ဘယ်သူ့ ကိုမှ တရားတပေါင် စွဲဆိုခွင့်မရသေးတော့ မြန်မာနိုင်ငံမှာ ဥပဒေရဲ့ အထက်မှာ ဘယ်သူများ ရှိနေသလဲဆိုတာ တွေးကြည့်ရင် လူပြိန်းတောင် သိနိုင်ပါတယ် ။

ခုလဲဘဲ ရဟန်းသင်္ဃာတော်တွေကို လူမသိ သူမသိ အိပ်နေချိန်မှာ မီးလောင်တိုက်သွင်းပြီး ပစ်ခတ်သတ်ဖြတ်မှုကို သမ္မတဦးသိန်းစိန်နဲ့  အစိုးရက ဘာမှ မသိလို့  ပါဆိုပြီး အခုလိုဖြစ်ပွါးသွားတာကို စုံစမ်းစစ်ဆေးရေးကော်မိတီတွေ ဖွဲ့ ပြီး လုပ်ခိုင်းတာကိုတော့ ကျုပ်ကဖြင့် ဘယ်လိုလုပ် ယုံကြည်ရပါ့မလဲ။
အောင်သာနီ

No comments:

Post a Comment