Monday 10 September 2012

အဝေးရောက် သေဒဏ်ချမှတ်ထားခြင်းကို ပယ်ဖျက်ပေးရန်တောင်းဆိုသွားမည်မဟုတ်ဟု ဆို

အမည်ပျက်စာရင်း (Black List ) ရင်းပယ်ဖျက်ပေးထားပြီဖြစ်ပေမယ့် အဝေးရောက်ချမှတ်ထား သည့် သေဒဏ်ပြစ်မှုများရုတ်သိမ်းပေးခြင်းမရှိသေးသည့် အပေါ် နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ်၌ ရုတ်သိမ်းပေးရန်တောင်းဆိုသွားမည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ABSDF ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုထွန်းအောင်ကျော်ကပြောသည်။

ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူအုပ်ချုပ်သည့် စစ်အစိုးရလက်ထက်တွင် ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ကို အမည်ပျက်စာရင်းတွင်ထည့်သွင်းခဲ့ခြင်းနှင့်အတူ အဝေးရောက်ပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ထားခဲ့သည်။
သို့ရာတွင် ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရလက်ထက်နောက်ပိုင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် အမည်ပျက်စာရင်းဝင်များထဲမှ လူ ၂၀၀၀ ကျော်ကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ယင်းအထဲတွင် ကိုမိုးသီးဇွန် ၊ ကိုထွန်းအောင်ကျော်တို့လည်း ပါဝင်ခဲ့သည်။

ယင်းအပြင် ၂၄ နှစ်တာ ကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြည်ပရောက်   နိုင်ငံရေး အင်အားစုများဖြစ်ကြသည့် မိုးသီးဇွန် အပါအ၀င် ၇ ဦးအဖွဲ့သည် စက်တင်ဘာလ ၁ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး နိုင်ငံတော် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ရရှိနိုင်ရေး ဆွေးနွေးမှုများပြုလုပ်သွားရန်ရှိကြောင်းသိရသည်။

““ သေဒဏ်ကျထားတဲ့ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်တို့အနေနဲ့ ဒီကို စွန့်စားပြီးလာရတာပါ”” ဟု ၇ ဦးအဖွဲ့တွင် ပါဝင်သူ ကိုကိုလေး ကပြောသည်။

သို့ပေမယ့် စက်တင်ဘာလ ၂ ရက်က မြန်မာနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံခွင့်ရရန် ၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရန် စီစဉ်ပေးခဲ့သည့် အကျိုးတော်ဆောင်များနှင့်တွေ့ဆုံအပြီးတွင် ယင်းကိစ္စရပ်အပေါ် စိတ်အေးမှုဖြစ်ခဲ့ရကြောင်းဆိုသည်

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသူ ကိုထွန်းအောင်ကျော်က ““ ကျွန်တော်တို့က ရာဇ၀တ်မှုကျူးလွန်ခဲ့တဲ့သူတွေလည်းမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ချစ်တဲ့စိတ်နဲ့တော်လှန်ရေး လုပ်ခဲ့ကြတယ်။ အဲဒီအတွက် သေဒဏ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမှာ မဟုတ်ပါဘူး”” ဟု ဆိုသည်။

လက်ရှိတွင် ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်တို့ သည် အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားပြီး မြန်မာပြည်တွင် ၂၁ ရက်နေထိုင်ခွင့်ရရှိထားကြောင်းသိရသည်။
 
ref:popular

No comments:

Post a Comment