Monday 10 September 2012

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၃)


ဒေါက်တာနိုင်အောင်ရဲ့ အင်တာဗျူးတွေကိုဖတ်ပြီး ပေးကြတဲ့ comment တွေကလည်းစိတ် ၀င်စားစရာတွေပါပဲ။comment ၀င်ရေးတဲ့ သူအချို့မှာ ဒေါက်တာနိုင်အောင်တို့ ကိုမိုးသီးဇွန်တို့ကို တကယ်သိပြီး ရေးနေတာဖြစ်တဲ့အတွက်  စိတ်ဝင်စားစရာကောင်းသလို၊ ကျမတို့ မသိရတာတွေ၊ မမြင်တာတွေလည်း မြင်ရပါတယ်။

ကျမအနေနဲ့တော့ ကိုမိုးသီးဇွန်ကိုလည်း သတင်းစာရှင်းလင်းပွဲမှသာ ပထမဆုံးတွေ့ဖူးမြင်ဖူး၊ မေးခွန်း ၂ခွန်းလောက်သာမေးဖူးခဲ့သလို ဒေါက်တာနိုင်အောင်ကိုလည်း ခုမှတွေ့ပြီး မေးဖူးပါတယ်။
 အဲဒါကြောင့် ကျမက သူတို့ကို ဖျတ်ခနဲမြင်တဲ့ အမြင်တခုအနေနဲ့ပဲ ရေးသားနိုင်ပါတယ်။


ခုလို ကျမရေးနေတာ အချို့ကတော့ မိုးသီးဇွန်ကို တိုက်ခိုက်ပြီး၊ ဒေါက်တာနိုင်အောင်ကို မတယ်လို့ပြောကြတာလည်း ကြားရပါတယ်။ အဲလိုကြားရတော့လည်း ရီချင်ပါတယ်။ သူတို့အမြင်နဲ့သူတို့ပြောကြတာပါ။ ကျမကိုလည်း အောက်လမ်းနည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ကြတာလဲ ပါသေးတယ်။

တိုက်ခိုက်တဲ့သူတွေအများစုကလည်း ယောက်ျားရင့်မာကြီးတွေဖြစ်တာရယ်၊ အောက်တည်းကျတဲ့နည်းကို   သုံးတာရယ်၊ ပရိုဖိုင်းအမှန်တွေနဲ့ မတိုက်ခိုက်ရဲတာရယ် ။ဘာကြောင့်ခုလို လုပ်ရသလဲဆိုတာကိုတော့ မစဉ်းစားတတ်အောင်ပါပဲ။


ပြီးတော့ နောက်တချက်ကိုလည်း ကျမ သတိထားမိသွားတယ်။ ဘယ်လိုလူမျိုးတွေက ကျမတို့ သတင်းထောက်ထောက်ကို ရန်သူလို့ သတ်မှတ်တတ်ကြသလဲ ဆိုတာကိုပါ။

ဟိုအရင် စစ်အစိုးရ အုပ်ချုပ်စဉ်က ကျမကို ရန်သူလို့ သတ်မှတ်တာက စစ်အစိုးရပဲ ရှိပါတယ်။ ခုတော့ ကျမကို ရန်သူလို့ သတ်မှတ်ထားတဲ့သူတွေ ပိုများလာသလိုပဲလို့လည်း ခံစားရတယ်။

ပြီးတော့facebook က မိတ်ဆွေတွေထဲမှာ ကျမကို ချစ်တဲ့ခင်တဲ့ သူတွေရှိသလို၊ မုန်းတီးတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်တဲ့ ကျမ စာလုံးဝ မရေးနိုင်တော့အောင်အထိကို တိုက်ခိုက်ချင်တဲ့ သူတွေ ရှိလာတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မုန်းတီးသူ ၁ ရာမက ရှိပါစေဦး ကျမကို ချစ်တဲ့ မိတ်ဆွေ ၁ ယောက်ပဲ ရှိပါစေ၊ ကျမအလုပ်ကိုတော့ ကျမ ဆက်လုပ်ရမှာပါပဲ။ ကျမ တာဝန်၊ကျမ အလုပ်ကို ဆက်လုပ်ရုံပြင်အခြား မရှိပါဘူး။ အဲဒါကြောင့် ဆက်ရေးပါမယ်။နောက်လည်း ရေးပါဦးမယ်ရှင်။

ဒေါက်တာနိုင်အောင်ဆိုတာ ABSDF မှာ ခေတ်ကောင်းချိန် ရှိခဲ့တယ်၊ တချိန်တုန်းက နိုင်အောင်က ဒီရုပ်မဟုတ်ဘူးလို့ ပြောတဲ့အသံကို ခုနောက်ပိုင်းမှာ ကျမ ကြားလာရပါတယ်။

သူအရင်တုန်းက ဘယ်လိုရပ်ရုပ်မျိုးရှိခဲ့သလို၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတဲ့ လူငယ်တယောက်၊ ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ လူငယ်တယောက်… အဲဒီလို ကျမတို့ မြန်မာပြည်က လူတွေ ပုံဖော်ကြည့်ခဲ့ဖူးပါတယ်။

အခု ကျမရှေ့ကတွေ့နေရတဲ့ ဒေါက်တာ နိုင်အောင်ကတော့ ကျမတို့ ထင်ထားသလို သူ့မျက်လုံးတွေက တောက်ပ မနေပါဘူး။ အပြုံးတွေကလည်း မလန်းဆန်းပါဘူး။ ကျမ မေးခွန်းတွေကိုလည်း သတိထားပြီး ဖြေနေရတယ်လို့ ကျမ ထင်မိတယ်။ ပြီးတော့သူ့ကြည့်ရတာက တခုခုကို အားတင်းနေရသလိုပဲ မြင်ရပါတယ်။

ကျမ နောက်ထပ်မေးခွန်းတခုကို ဆက်မေးလိုက်ပါတယ်။

မေး။ ။မြန်မာပြည်မှာက အကိုလုပ်ချင်တာတွေနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ရော လက်ခံနိုင်မှု ရှိနိုင်သလား၊ အခြားသူတွေ ကလည်း အကိုတို့ကို စောင့်ကြည့်သုံးသပ်နေသလိုပဲ လက်ရှိအစိုးရအဖွဲ့အနေနဲ့ စောင့်ကြည့်မဲ့ အနေအထားရှိနေတော့လေ၊ အဲဒီကိစ္စတွေကိုရော ဘယ်လိုစဉ်းစားထားခဲ့သလဲ။

ဖြေ။ ။ဟို ဒါကတော့ကျနော် မြန်မာပြည်အတွက် လုပ်ပေးချင်တာကို ကျနော့ဘက်က အမြင်နဲ့ပြောတာပါ။ ဒါပေမဲ့ ဟို… ဘယ်လိုပြောမလဲ။ ပြောရမဲ့ ကိစ္စ ဆိုရင်တော့ ကျနော်ပြောရမယ်။ မနေ့ပဲလေ ဟိုအချိုက စစ်အစိုးရကို မယုံဘူးပေါ့ဗျာ။ စစ်အစိုးရကလည်း အမြဲတမ်းအသုံးချတယ်။ ဒီဘက်ခေတ်မှာ ကံကောင်းတာတွေတော့ရှိတယ်လို့ ကျနော်တို့ အတွေ့အကြုံအရပေါ့ဗျာ။ စကားမပြောခင်မှာ ကိုယ်ပြောမဲ့ဟာကို ဘာလဲဆိုတာ ပြောလိုက်တယ်။ စကားပြောပြီးတဲ့အချိန်မှာ ကိုယ်ပြောလိုက်တဲ့ဟာက ဘာရည်ရွယ်ချက်ဖြစ်တယ်ဆိုတာကို ပြောပြလိုက်တယ်။ ပြောရမယ်ဆိုရင် ဒါတွေကို အများပြည်သူကို အသိပေးလိုက်တဲ့အတွက် ဒီဟာအပေါ်မှာ တခုခုများအသုံးချချင်တယ်ဆိုရင် လုပ်လို့မရတော့ဘူး။ ကိုယ်ကတော့ ကိုယ့်အဖွဲ့အစည်းကို ကိုယ်စားပြုတယ်ပြောပေမဲ့ တိုင်းပြည်အကြောင်းကို ပြောမယ်ဆိုရင်တော့ ပြည်သူတွေ  သိသင့်တယ်၊တကယ်လို့ကျနော်တို့ ကျနော်တို့က တမျိုးကြီး လုပ်နေတယ်ဆိုရင် ပြည်သူတွေ ဝေဖန်မယ်။ ပြည်သူတွေရဲ့ အသံတွေလည်း ကျနောတို့ ပြန်ကြားဖို့လိုတယ်။ အဲလိုဟာမျိုးမှာလည်း မီဒီယာတွေရှိလာတာကောင်းတယ်။

မေး။ အခုအကိုတို့လာမယ်ဆိုတော့ မန္တလေးမှာ ရှိနေတဲ့မြောက်ပိုင်းမှာ အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေအတွက် သူတို့မိသားစုတွေ လာတယ်၊ သတင်းစာရှင်းလင်းပွဲတွေ လုပ်ကြတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ကော အကို့အနေနဲ့ဘယ်လိုရင်ဆိုင်မယ်လို့ စိတ်ကူးထားပါသလဲ။

ဖြေ။ သတင်းစာရှုင်းလင်းပွဲ လုပ်တာတို့ အဲဒါတွေကတော့ သူတို့ရဲ့ အခွင့်အရေးပါ၊ ကျနော်ပြန်လာတဲ့အချိန်မှာ သူတို့ပြောသင့်ပြောထိုက်တာကို ပြောကြ၊ လုပ်ကြတာပါ။ အဲဒီပေါ်မှာ သူတို့သတင်းစာရှင်းလင်းပွဲတွေ လုပ်တဲ့အပေါ်မှာတော့ ကျနော် ဘာမှ ပြောစရာမရှိသလို၊ ဆန့်ကျင်စရာလည်း မရှိပါဘူး။ သို့ပေမဲ့ မြောက်ပိုင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ ကျနော့်မှာလည်း ရှင်းပြခွင့်ရှိပါတယ်။

မေး။ ။ဟုတ်ကဲ့ သူတိုနဲ့ အကိုတို့ချင်းတွေ့ဖို့ပြောတာကိုလား။ တွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲလုပ်ဖို့လားရှင့်။ ရှင်းပြခွင့်လည်းရှိတယ်ဆိုတော့ ဘယ်လိုပုံဆန်မျိုးနဲ့ရှင်းမယ်လို့ စိတ်ကူးထားတာပါလဲ၊ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီစဉ်ရှိတာမျိုးလားရှင့်။

ဖြေ။ ။ ကျနော်လာခါနီးမှာ ကျနော်က ABSDF မဟုတ်တော့ဘူးလေ။ လာခါနီးမှာ ABSDF ကို ကျနော်မေးပါတယ်။ ဒါ့မတိုင်ခင်မှာပဲ မတ်လကတည်းက ကျနော်ကကြေငြာချက် ထုတ်ပြီးသွားပါပြီ။ ကျနော့်လက်ထပ်မှာ ဖြစ်ပွားခဲ့တာဆိုပေမဲ့ လက်ရှိ အချိန်မှာ ကျနော်က ABSDF အဖွဲ့ရဲ့ တာဝန်ရှိသူ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် ABSDF နဲ့ ကျနော်တို့ သဘောတူထားတဲ့ အကြောင်းရှိတယ်။ ဒီကိစ္စကို ဘယ်လိုဖြစ်တယ်၊ ဘယ်လိုထင်တယ် ဆိုတဲ့ အထင်အမြင်တွေ အကြောင်းတွေကို ကျနော့်တို့အနေနဲ့ ပြောနေမဲ့အစား၊ လက်တွေ့ ဖြစ်ရပ်မှန်ကို ဖော်ထုတ်သင့်တယ်။ အဖြစ်မှန်ကို ဖော်ထုတ်ဖို့ အခြေအနေအချိန်အခါက ယနေ့အချိန်မှာ မရောက်သေးဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါက ဘယ်လိုအချိန်အခါဖြစ်သင့်သလဲဆိုရင် တရားမျှတတဲ့ တရားစီရင်မှု  ဖြစ်တဲ့အချိန်၊ ထင်သာမြင်သာ ရှိတဲ့အချိန်၊ ပါဝင်ပတ်သက်တဲ့သူတွေ သက်သေခံသင့်တဲ့သူတွေအားလုံး အပြည့်အ၀ ပါဝင်နိုင်တဲ့အချိန်မျိုးမှာဖြစ်သင့်တယ်၊ အခုအကြောင်းနဲ့ ပတ်သက်ပြီးတော့ သက်သေခံနိုင်မဲ့ လူတွေ အပြည့်အစုံရှိတဲ့အချိန်မှာ မျိုးမှာ ဖော်ထုတ်သင့်တယ်။

ခဏနားပြီး သူက ဆက်ပြောပါတယ်။

သူတို့ပြောဆို ဆောင်ရွက်ခဲ့တာတွေ သူတို့ စစ်ဆေးခံခဲ့ရတာတွေ ဒီလိုလုပ်ခဲ့တာတွေ မှန်သလား မှားသလား ဆိုတာဖော်ထုတ်သင့်တယ်။ အဲဒီပေါ်မှာ တွေ့ရှိလာတဲ့အပေါ်မှာ တွေ့ရှိလာတဲ့အတိုင်းပဲ ဆက်လျက်အရေးယူ ဆောင်ရွက်သင့်တယ်။ နောက်တပြိုင်တည်းမှာပြောချင်တာကတော့ ကျနော်တို့လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သိလာတဲ့ လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့ ဟာတွေလည်း ပြောစရာရှိပါတယ်။ လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေ အတွက်လည်း ကျနော်တို့ စိတ်မကောင်းဘူး၊နောက် ဘယ်သူပဲဖြစ်ဖြစ် မှန်သည် မှားသည်ထက် မှားမှားမှန်မှန်လူ့အခွင့်အရေးကို ချိုးဖောက်ခံရတာ မကောင်းပါဘူး။ နောက် ကိုယ့်ရဲဘော်တွေလည်း အဲလိုမျိုး လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။ နောက်တခုက  ကျနော် မြောက်ပိုင်းသွားတုန်းက ညှိုတော့လည်း ကျနော် ပြောပါတယ်။ ကျနော်တို့ အမြင်မတူတာနဲ့ စစ်မြေပြင်မှာ တယောက်နဲ့တယောက်နဲ့ လက်နက်ကိုင် တိုက်နေတာ တပိုင်း၊ အမြင်မတူတာနဲ့ တယောက်နဲ့တယောက် သတ်ရမယ်ဆိုတာကကို ကျနော်တို့အနေနဲ့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့လည်း လက်ခံဖို့ ခက်ပါတယ်။ လူ့အခွင့်အရေးကို ယုံကြည်နားလည်လာတဲ့အခါမှာ လူတွေရဲ့ အသက်ရှင်သန်နိုင်ခွင့်ကို ကျနော်တို့ တန်ဖိုးထားပါတယ်။ ကျနော်တို့ အဖွဲ့အစည်းထဲမှာ ABSDF ထဲမှာ တရားဥပဒေစိုးမိုးရေးတွေ လုပ်လာတဲ့ အချိန်မှာ ကျနောတို့ အဖွဲ့အစည်းကိုထဲမှာ သေဒဏ်ဆိုတာကို ကျနော်တို့ ခွင့်မပြုခဲ့ပါဘူး။

မေး။ ဖြစ်ခဲ့စဉ်တုန်းကရောရှင့်...။

ဖြေ။ လွန်ခဲ့တဲ့ နှစ် ၂၀တုန်းကလည်း ကျနော်ပြောခဲ့ပါတယ်။ ကျနော်တို့ မြန်မာပြည် ပြန်တဲ့အချိန် ဒီကိစ္စကို ရှင်းရမှာပဲ၊ အနည်းဆုံးတော့ မိသားစုတွေနဲ့ ရှင်းရမယ်။ကျနော်တို့လည်း မိသားစု ရှိတာပဲ သူတို့တွေမှာလည်း မိသားစု ရှိတာပါပဲ။ မိသားစုတွေကတော့ သိချင်မှာပဲ။ အဲဒီစေတနာနဲ့ အဲဒီတာဝန်ယူမှု အဲဒီအချိန်ကတည်းက ကျနော်တို့မှာ ရှိပါတယ်။ နောက်အတိုက်အခံတွေကိုရော မပြောဘူးလားဆိုတဲ့ ယဉ်ကျေးမှုကိုလည်း ကျနော် သဘောကျပါတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း တာဝန်ယူမှု တာဝန်ခံမှုကို သဘောကျပါတယ်။နောက်တပြိုင်နက်တည်းမှာပဲ ကျနော်ပြောချင်တာက ကျနေုာ်တို့ ကိစ္စအပါဝင်ဖော်ထုတ်တာတွေရှိသလို၊ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း အခြား လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖော်ထုတ်ကြရင်ကောင်းပါတယ်။  အဲလိုဖြစ်လာမယ်ဆိုလို့ရှိရင် တရားမျှတတဲ့ တရားစီရင်မှုလည်း ဖြစ်လာတယ်ဆိုလို့ရှိရင် ။အဲလို ဆိုရင် ပိုပြီး လူ့အဖွဲ့အစည်းယဉ်ကျေးမှုကို ထပ်ပြီးတော့ မြှင့်တင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ၂၀၁၂ ဖေဖော်ဝါရီလကစပြီး မြောက်ပိုင်းကိစ္စတွေက လူမူကွန်ကယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်။ အမှန်အတိုင်းပြောရရင် ကျမလည်း အဲဒီအချိန်ကျမှ ဒီကိစ္စတွေကို သိရပြီး စိတ်မကောင်းဖြစ်ရတယ်။ အဲဒီအချိန်ပြီးတော့ ကိုမောင်မောင်ရေးတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်း စာအုပ်ကလည်း ထွက်လာတယ်ပေါ့။ ၁၉၉၂ ခုနှစ်လောက်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စက ခုချိန်ကြမှ ကျယ်ပြန့်လာတဲ့ အပေါ်မှာရော အကို့အနေနဲ့ ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ တစ်ဖက်က ရဲဘော်တွေပြောခဲ့သလိုပေါ့ဗျာ၊ နှစ် ၂၀ ပြည့်တဲ့အချိန်မို့လို့ပြောနိုင်သလို၊နောက်လူတွေ ပြောနေသလို ထင်သာမြင်သာ လူ့အဖွဲ့အစည်းဆိုတာလည်း ဖြစ်လာလို့နေမှာပေါ့၊ တိုက်ဆိုင်မှုက အဲဒီချိန်မှာပဲ…။ ကျနော်တို့က အစိုးရနဲ့ ငြိမ်းချမ်းရေးအစီစဉ်တွေ လုပ်နေတဲ့ အချိန်ကျမှ ဖြစ်နေတာကိုတော့ တိုက်ဆိုင်မှုအဖြစ်သတိထားမိတယ်။ ကျနော်တို့ အခုလို စကားပြောနေတဲ့ အချိန်မျိုးမှာ ဒီလူတွေကတော့ ဘယ်လိုလူမျိုးတွေ ဖြစ်ပါတယ် ဆိုတဲ့ ဟာမျိုးလည်း ပြည်သူတွေကို တင်ပြလိုက်တာ လုပ်လိုက်တာ ဖြစ်သလို၊ တဖက်မှာလည်း ကျနော်တို့ကို မကြိုက်တာမျိုးလည်း ဖြစ်နိုင်တာပေါ့ သေချာတော့ကျနော်မသိပါဘူး။
မေး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တခုလောက်ထပ်မေးချင်ပါသေးတယ်။ အခုနေ မြောက်ပိုင်းကိစ္စကို ဖြေရှင်းဖို့ အချိန်မကျသေးဘူးလို့ အကိုပြောတဲ့အခါမှာ အကိုက ပြောတယ် တရားမျှတတဲ့စီရင်မှုလို့ အကိုပြောခဲ့တယ်နော်၊ အဲဒါကို ပိုနားလည်အောင် သေချာရှင်းပြပေးလို့ရမလား။

ဖြေ။  ဟုတ်ကဲ့၊ ဥပမာပေါ့ဗျာ လောလောဆယ် ကျနော်တို့နဲ့အနီးစပ်ဆုံး ကိုဖြိုးဝေအောင်အမှုပေါ့။ သူက မဟုတ်ပါဘူးလို့လည်း အကြိမ်ကြိမ်ပြောတယ်။ နောက်ဆုံးကြတော့ အတင်းဝန်ခံခိုင်းတယ်၊ နောက်ဆုံးကျတော့ ပြန်လွှတ်ပေးရတယ်ပေါ့။ ဥပမာပြောရတာက ဒီလိုတရားစီရင်ရေးမျိုးပေါ့၊ နောက်ဥပမာပြောရရင် ကချင်ဘက်မှာ ဆိုရင် ဦးပန်ရှောင်ကိစ္စ၊ နောက် ကျနော်တို့ နယ်စပ်မှာ ပြောပြောနေတဲ့ သန်လျှင်ဗုံးခွဲမှုနဲ့ပတ်သက်တဲ့ ကိုသန်းဇော်ကိစ္စ ထင်ပါတယ်။ အပြင်မှာ ရောက်နေတဲ့ လုပ်တဲ့ သူကလုပ်ပါတယ်လို့ ပြောနေတာကို တကယ်မလုပ်တဲ့ သူက ထောင်အကြာကြီးကျခံရတယ်ဆိုတော့ ပြီးခဲ့တဲ့ တရားစီရင်မှုက တရားသူကြီးက ဆုံးဖြတ်နေတာမှ မဟုတ်တာချည်းနော် အထက်က ကျလာတဲ့ အမိန့်နဲ့ပဲ ဆုံးဖြတ်နေတာဆိုတော့ အခု အချိန်မှာလည်း ရှိနေသေးလားလို့ မေးရင် ရှိတယ်။ အဲလိုမျိုးအချိန်မျိုးမှာတော့ ဘယ်လိုမှ မျှတတဲ့ ကိစ္စ မပေါ်နိုင်ဘူးလို့ ထင်တယ်။ ဒီအချိန်ကတော့ အဲလို အခြေအနေမရောက်သေးဘူးလို့ ကျနော်တို့ထင်ပါတယ်။

မေး။ ဟုတ်ကဲ့ပါ၊ အခုလည်း ပြောင်းလဲမှုတွေ လုပ်နေတာမြင်ရတာမျိုးတွေလည်းရှိတော့ လက်ရှိအခြေအနေအရ တရားဥပဒေစိုးမိုးလာတဲ့အချိန်မဟုတ်ဘူးလို့ အကို ဘာကြောင့်ပြောနိုင်တာလဲရှင့်။

ဖြေ။အပြောင်းအလဲတွေမှာ သေသေချာချာမြင်နေရတာကတော့ ဥပဒေပြုမှု အပိုင်းနဲ့အစိုးရပိုင်းပေါ့၊ တရားစီရင်ရေးက ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဘာမှ သိသိသာသာ ပြောင်းလဲလာမျိုးတွေ ရှိလာတာ မတွေ့ရသေးပါဘူး။လွှတ်တော်ထဲမှာ တရားစီရင်ရေးအတွက် ကောင်းအောင်ပြုလုပ်တဲ့ အဆိုပြုချက်တွေကို တင်သွင်းနေတာတွေ ကြားရတယ်၊ဒါပေမဲ့ အဲဒါတွေကို ငြင်းပါယ်ခံနေရတယ်ဆိုတော့ မျှတတဲ့ တရားစီရင်ရေးဖြစ်အောင် လွှတ်တော်ကရော၊ အစိုးရကရော မကြိုးစားနိုင်သေးတဲ့ အခြေအနေတခုပဲ ရောက်နေပါသေးတယ်။

မေး။ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုမောင်မောင်ရေးထားတဲ့ ခေတ်သစ်ဟသာင်္ကိုးသောင်း စာအုပ်ကို အကိုဖတ်ပြီးပြီဆိုတော့လေ၊ အဲဒါတွေက အမှန်လားရှင့်။

ဖြေ။ ကျနော်ပြောချင်တာကလေ ဒီစာအုပ်အကြောင်းပြောရမယ်ဆိုရင် ABSDF ရဲ့ နောက်ခံအခြေအနေလေးကို နည်းနည်းသိဖို့လိုမယ်။ ကျနော်တို့ ၈၈ တုန်းက တောထဲကို သွားကြတယ်ဆိုတာက အားလုံးကနေပြီးတော့မှ အဖွဲ့အစည်းတခုတည်းကနေပြီးတော့မှ အားလုံးတောထဲကို သွားကြတာ မဟုတ်ဘူး။ အဖွဲ့စည်းတခုတည်းက မဟုတ်တော့ တယောက်နဲ့တယောက်နဲ့မြင်ဖူးကြတဲ့ သူတွေ မဟုတ်ဘူး။ အရင်ကလို ကွန်မြူနစ်ပါတီတောခိုသလိုမျိုး မဟုတ်ဘူး၊ ကိုယ့်သပိတ်စခန်းအသီးသီးကနေ နီးစပ်ရာတိုင်းရင်းသား နယ်မြေတွေကို သွားကြတယ်၊ အဲဒီမှာ စခန်းတွေဖွဲ့ကြတယ်၊ အဖွဲ့အစည်းတွေ ထောင်ကြတယ်။အဲဒီလူတွေအားလုံးကို စုပြီးတော့ ABSDF ကို ဖွဲ့ရတာ။ပြောချင်တာက တယောက်နဲ့တယောက်နဲ့မြင်ဖူးကြတဲ့ သူတွေ မဟုတ်ဘူး။ဒါကတချက်ပေါ့ နောက်တချက်က နယ်မြေအသီးသီးက ကျောင်းသားတွေက အဖွဲ့စည်းတခုတည်းဖွဲ့ကြမယ်ဆိုတဲ့အခါ absdf စတင်ဖွဲ့စည်းတဲ့ ညီလာခံလေး လုပ်တယ်။ ကျနော်တို့ရဲဘော်တွေက ရခိုင်ဘက်လည်း ရောက်တယ်၊ အိန္ဒိယဘက်လည်း ရောက်သွားတယ်၊  ကချင်ဘက်လည်း ရောက်သွားတယ်။


ဆက်လျက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်း(မြစ်မခ)

No comments:

Post a Comment