Monday 10 September 2012

ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၄)


facebook နဲ့ Blog တွေကနေ  မြောက်ပိုင်းက အရိုးတွန်သံများကို ဖတ်ရတုန်းက   စို့စို့နင်နင်ကြီးဖြစ်ပြီး ၀မ်းနည်းနာကျင်နေခဲ့တာက ၃ ရက်မကဘူး။

ပြီးတော့ အဲဒီထဲက အကြောင်းအရာတွေက ကျမရဲ့ အသိစိတ်ထဲကနေ တော်တော်နဲ့ ထွက်မသွားခဲ့ဖူး။ ညတော်တော်များများမှာ လူငယ်တွေရဲ့ သွေးလူးနေတဲ့ ကျောပြင်တွေ၊ပြီးတော့အမျိုးသမီးအချို့ရဲ့ အံ့ကြိတ်ငိုသံတွေကို   ပြန်စဉ်းစားရင်း အိပ်မပျော်နိုင်တဲ့ ညတွေ တကယ်ရှိခဲ့ပါတယ်။


ကျမရဲ့ မောင်၊ ကျမရဲ့ အမ၊ ကျမရဲ့ နှမ ဘယ်သူမှ မပါဘဲနဲ့ ကျမ ခံစားခဲ့ရတယ်၊ ဘာကြောင့်လဲ လို့မေးရင်တော့ ကျမမှာ ဒီနေ့ထက်ထိ ဖြေစရာ စကားမရှိပါဘူး။

ဒါ့အပြင် ခုလို ရန်ကုန်ပြန်လာနိုင်တဲ့အချိန်မှာ တောခိုသွားတဲ့ သား၊ ဘယ်တော့ပြန်လာမယ်မှန်းမသိတဲ့ မိခင်တွေရဲ့ ခံစားချက်နဲ့ ပြောဆိုသံတွေကို ကျမ မကြားရက်ခဲ့ဘူး။ ပြီးတော့ သားပျောက်ရှာတဲ့ မိခင်အိုတွေအကြောင်း ရေးတာတွေ့ရင်လည်းကျမ မဖတ်ရဲတော့ဘူး။အဲဒီလို အသတ်ခံခဲ့ရ  တဲ့ လူငယ်တွေရဲ့ မိဘ၊သားချင်း ခံစားချက်ကို ကျမ နားလည်စာနာမိခဲ့တယ်။

ABSDF ရဲ့ သမိုင်းကြောင်းမှာတော့ အမည်းစက်ကြီး စွန်းပြီးသွားပြီ ဆိုတာကိုလည်း နားလည် လိုက်မိတယ်။ အဲဒီအမည်းစက်ကြီးက တကယ်ဖြစ်ခဲ့တာလား၊ အမှန်လား။ ဘာကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတာတွေကိုလည်း ကျမ သိချင်ပါတယ်။ ပြီးတော့ သေဆုံးသွားခဲရတဲ့ သူတွေအတွက်လည်း မိသားစုဝင်တွေ တနှုံနှုံနဲ့ ခံစားနေရတာတွေကို  ကျေနပ်သွားတာမျိုး ဖြစ်သွားစေချင်တယ်။

ဒါတွေကြောင့် ဒီအချိန်မှာ ကျမဟာ ဒေါက်တာနိုင်အောင်ကို အင်တာဗျူးခဲ့တာပါ။ ကိုမိုးသီးဇွန်ကိုလည်း အင်တာဗျူးချင်ခဲ့တာပါ။

ကိုမိုးသီးဇွန်ကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပတ်ကို ကိုဇော်ရဲက ပေးပါတယ်။ ကျမ ဆက်တော့လည်း ကိုကိုအောင်ရဲ့ ဖုန်းနံပတ်ပါ။ ကျမက ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ကိုမိုးသီးဇွန်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စက်တင်ဘာလ ၈ ရက်နေ့က ပြောပါတယ်။ကိုကိုအောင်က ကိုမိုးသီးကို မေးပေးမယ်လို့ ပြောပါတယ်။ ခုချိန်ထိတော့ အင်တာဗျူး မရသေးပါဘူး။

မနေ့က ဒေါက်တာနိုင်အောင်နဲ့ အင်တာဗျူးကို ပြန်စပါတယ်။ ဒီနေ့မှ ဖတ်တဲ့သူတွေအတွက် အဆင်ပြေအောင်မနေ့က နောက်ဆုံးစာပုဒ်ကိုပြန်ဖော်ပြပေးပါမယ်။

မေး။ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုမောင်မောင်ရေးထားတဲ့ ခေတ်သစ်ဟသာင်္ကိုးသောင်း စာအုပ်ကို အကိုဖတ်ပြီးပြီဆိုတော့လေ၊ အဲဒါတွေက အမှန်လားရှင့်။

ဖြေ။ ကျနော်ပြောချင်တာကလေ ဒီစာအုပ်အကြောင်းပြောရမယ်ဆိုရင် ABSDF ရဲ့ နောက်ခံ အခြေအနေလေးကို နည်းနည်းသိဖို့လိုမယ်။ ကျနော်တို့ ၈၈ တုန်းက တောထဲကို သွားကြတယ်ဆိုတာက အားလုံးကနေပြီးတော့မှ အဖွဲ့အစည်းတခုတည်းကနေပြီးတော့မှ အားလုံးတောထဲကို သွားကြတာ မဟုတ်ဘူး။ အဖွဲ့စည်းတခုတည်းက မဟုတ်တော့ တယောက်နဲ့တယောက်နဲ့မြင်ဖူးကြတဲ့ သူတွေ မဟုတ်ဘူး။ အရင်ကလို ကွန်မြူနစ်ပါတီတောခိုသလိုမျိုး မဟုတ်ဘူး၊ ကိုယ့်သပိတ်စခန်းအသီးသီးကနေ နီးစပ်ရာတိုင်းရင်းသား နယ်မြေတွေကို သွားကြတယ်၊ အဲဒီမှာ စခန်းတွေဖွဲ့ကြတယ်၊ အဖွဲ့အစည်းတွေ   ထောင်ကြတယ်။အဲဒီလူတွေအားလုံးကို စုပြီးတော့ ABSDF ကို ဖွဲ့ရတာ။ပြောချင်တာက တယောက်နဲ့တယောက်နဲ့မြင်ဖူးကြတဲ့ သူတွေ မဟုတ်ဘူး။ဒါကတချက်ပေါ့ နောက်တချက်က နယ်မြေအသီးသီးက ကျောင်းသားတွေက အဖွဲ့စည်းတခုတည်းဖွဲ့ကြမယ်ဆိုတဲ့အခါ absdf စတင်ဖွဲ့စည်းတဲ့ ညီလာခံလေး လုပ်တယ်။ ကျနော်တို့ရဲဘော်တွေက ရခိုင်ဘက်လည်း ရောက်တယ်၊ အိန္ဒိယဘက်လည်း ရောက်သွားတယ်၊  ကချင်ဘက်လည်း ရောက်သွားတယ်။ ရှမ်းဘက်လည်း   ရောက်သွားတယ်၊ ထိုင်းဘက်မှာဆိုရင် ကရင်နီဒေသ အဲလို အကုန်နေရာခွဲပြီး ရောက်သွားကြတာ၊ ကျနော်တို့ ညီလာခံလုပ်တဲ့ နေရာမှာ ကျနော်တို့စုစည်းနိုင်တာက ထိုင်းဘက်ခြမ်းကများတယ်။ အဲလို ကျနော်တို့အဖွဲ့စည်းအခြေအနေအရ လက်လှမ်းမမီတဲ့အပေါ်မှာ စခန်းတွေက ကို်ယ့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ကိုယ့်အုပ်ချုပ်မှုနဲ့ သွားကြတာ။ ကျနော်တို့ ဗဟိုက တခုလုံးရဲ့ တခုလုံးရဲ့ စုစည်းတဲ့ မူ၊ပေါ်လစီ ကိစ္စတွေကိုပဲ ကျနော်တို့က တာဝန်ယူ ဆုံးဖြတ်နိုင်တဲ့ အနေအထားမျိုးပါ။ ပြောချင်တာကတော့ စီမံခန့်ခွန့်မှုနဲ့ အုပ်ချုပ်ရေး အာဏာ ကျနော်တို့မှာ မရှိဘူး။ နောက်တခုက…။

သူက အသက်ရှုလိုက်သလို ခဏနားပြီးမှ ဆက်ပြောပါတယ်။

မြောက်ပိုင်းတို့ အနောက်ပိုင်းတို့လို အကြမ်းဖက်မှုလိုဟာမျိုးမှာ ဆက်သွယ်မှု အခက်အခဲရှိတယ် ။မြောက်ပိုင်း ကိစ္စဖြစ်တဲ့ ၁၉၉၁ ခုနှစ် ကုန်ခါနီးလောက်မှာ တတိယအကြိမ်ညီလာခံဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကိုမိုးသီးကတော့ လက်ရှိ ဗဟိုကော်မတီဥက္ကဋ္ဌပေါ့။ အဲဒါက ညီလာခံသက်တမ်း ကုန်တဲ့နှစ် ကျနော်တို့တွေ စပြီးတော့ နောက်ညီလာခံသက်တမ်းပေါ့အစည်းဝေးပေါ့။ ABSDF နှစ်ဖွဲ့ကွဲတဲ့ အစည်းဝေးမှာ ကျနော်က ဖျားလုံစခန်းကတက်တဲ့ ညီလာခံ ကိုယ်စားလှယ်ပဲ ရှိပါသေးတယ်။ ညီလာခံထဲက တရက်မှာ ကိုမိုးသီးရှင်းပြတာ ရှိတယ်။ မြောက်ပိုင်းမှာတော့ အဲလိုမျိုးတွေ ဖြစ်နေတယ် သူလျှိုကိစ္စနဲ့ပတ်သက်လို့ မဟာမိတ်ဆီကနေ ကြေးနန်းနဲ့ သိရတာဖြစ်တယ်လို့ ညီလာခံမှ ပြောတယ်။နောက် အဲဒီအချိန်ထဲမှာပဲ တချို့ လွတ်သွားတာလား ဘာလား မသိဘူး။အထဲမှာတော့ န၀တ ခေတ်ပေါ့၊ သတင်းစာရှင်းလင်းပွဲ လုပ်တာ ရှိတယ်။အဲဒီ သတင်းစာ ရှင်းလင်း ပွဲလေဒီယိုကနေ လာတာရှိတယ်၊ အဲဒါကြားရတာ ရှိတယ်။ အဲလိုအချိန်မှာလည်း ကျနော်တို့က ကွဲမလိုဖြစ်နေတဲ့ အချိန်လည်း ဖြစ်နေတော့ ဘာမှ အဲဒီကိစ္စကို သေသေချာချာပြောဖြစ်ကြတဲ့ ကိစ္စလည်း မဟုတ်ဘူးပေါ့။နောက် ဘယ်လောက် အတိုင်းအတာလည်း ကျနော် မသိဘူး။ အဲဒါနဲ့ပဲ ကွဲသွားတယ် ဆိုပါတော့ဗျာ။

နောက် ကျနော်တို့ရဲ့ ခေတ်အဆက်ဆက်မှာရော ရှေ့ပိုင်းမှာရော နောက်ပိုင်းမှာရော ထောက်လှမ်းရေးရဲ့ သတင်းပေး ရှိတယ်ဆိုတာ ကျနော်အမြဲ ယုံပါတယ်။ ဒါက အခုဖြစ်တဲ့ သူတွေ ဟုတ်တယ် မဟုတ်တယ်ဆိုတာကို ကျနော် ပြောတာ မဟုတ်ဘူးနော်။ သူတို့လည်း အဲလို အလုပ်လုပ်ပါတယ်။ အဲဒါတော့ ကျနော် သေချာသိပါတယ်။

မေး။ ။ ဟုတ်ကဲ့ အဲလိုဆိုရင် ကျမ တခုတော့ မေးချင်တယ်။ ပြီးခဲ့တဲ့ 7 Days ဂျာနယ်မှာပေါ့နော် ကိုဘိုဘိုရဲ့ အမေက ရှင်းထားတာပါ။ သူ့သားဟာ အဲဒီအရွယ်တုန်းက ၁၄ နှစ်ပဲ ရှိသေးတယ်။ အဲဒီ ၁၄ နှစ်အရွယ်ဟာ ထောက်လှမ်းရေး ဖြစ်နိုင်ပါ့မလား  ဆိုတာရယ်၊ပြီးတော့ ကျောင်းသား ၃၀၀ ကျော်မှာ ၁၅၀ လောက်ကို ထောက်လှမ်းရေးလို့ ပြောပြီးတော့ စွတ်စွဲတယ်ဆိုတော့လေ။ အဲဒီလို စွတ်စွဲခံရတဲ့ လူငယ်တွေထဲမှာ ၁၄ နှစ်သားတွေ၊ ၁၅ နှစ်သားတွေ ပါနေတယ်ဆိုတော့အဲဒီအရွယ်တွေ ကို ထောက်လှမ်းရေးက ဗိုလ်ဆိုပြီး စွတ်စွဲကြတာတွေကလည်း တွေးကြည့် တော့ အဲလို အခြေအနေမျိုးထိ ဘာကြောင့်ဒီလိုဖြစ်ပေါ်သွားရတာပါလဲ။

ဖြေ။ ။အဲဒါကို ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့  ကျနော်တို့ မသိဘူးလို့ပဲ ပြောရမှာပါပဲ။ မသိဘူးလို့ပြောရင် ကျနော်က တာဝန်ရှိရဲ့သားနဲ့ အတင်းမသိဘူးလို့ ပြောတယ်လို့ဖြစ်မှာပေါ့။ အဲဒါကြောင့် ကျနော်အမြဲပြောတာက ဒီကိစ္စကို အဖြစ်မှန်ပေါ်ပေါက်အောင် ပွင့်လင်းထင်သာတဲ့ တရားစီရင်ရေးဖြစ်တဲ့အချိန်မှာ လွတ်လပ်တဲ့ ကော်မရှင်တခုဖွဲ့ပြီး ဖော်ထုတ်သင့်တယ်။

ကျနော်တို့ မြောက်ပိုင်းမှာ သတ်ခဲ့တာတွေကို ကြားရတာကလည်း ဘန်ကောက်မှာ ရှိတဲ့ Nation သတင်းစာမှာ ပါမှ ကျနော်တို့ သိရတာပါ။ အဲလိုသိလာတော့ ကျနော်တို့က ဒါတော့ မဖြစ်ဘူး ဆိုပြီး ကျနော်တို့ဘက် ခြမ်းကိုလည်း ရိုက်ခတ်မှုတွေ ရှိလာတယ်လေ၊ နိုင်ငံတကာကလည်း ပြောလာတာတွေ ရှိတယ်။ လူ့အခွင့်အရေးလုပ်နေတဲ့ အဖွဲ့အစည်း ကျောင်းသားတွေ လူ့အခွင့်ရေးချိုးဖောက်သလား လို့ ပြောလာတာတွေ ရှိတယ်။ ကျနော်တို့ တောင်ပိုင်းက ပြောမယ်ဆိုရင်တော့ ကျနော်တို့တာဝန်ယူ ဆုံးဖြတ် တဲ့ကိစ္စတွေ မဟုတ်ဘဲနဲ့ တဖွဲ့လုံးအနေနဲ့ ခံရတဲ့ကိစ္စတွေဖြစ်နေတော့ ကျနော်တို့ တိုင်ပင်ကြတယ်။

ဘာအကောင်းဆုံးလုပ်နိုင်မလဲပေါ့၊ ကျနော်တို့ သွားစစ်လည်း ဘာမှ အမှန်ကို သိနိုင်မယ် မဟုတ်ဘူးဆိုတာကို ကျနော်တို့က တွက်ပြီးသားပဲ။

ဒေါက်တာနိုင်အောင်ရဲ့ အသံတွေက မြန်လာတယ်။ ပြီးတော့ ဆက်ပြောနေတယ်။

 ကျနော်တို့မှာ ဘာအာဏာမှ မရှိဘူး ဆိုတာလည်း သိပြီးသားပါ၊နောက်သွားလို့ရှိရင်လည်း မြောက်ပိုင်းက လူတွေကို မယုံဘူးဆိုတဲ့ အခြေအနေအောက်ထဲမှာ ကျနော်တယောက်တည်းသွားရမဲ့ အခြေအနေမျိုးဖြစ်လာတဲ့အတွက်  ဖြစ်နေတယ်။ အဲလို အခြေအနေမှာ ကျနော်လည်း ဘာမှ မလုပ်နိုင်ဘူးဆိုတော့ ကျနော်တို့ ဘာလုပ်နိုင်မလဲ ဆိုတာကို စဉ်းစားတယ်။

ကျန်နေတဲ့ သူတွေ ထပ်အသတ်မခံရဖို့နဲ့ အဲလူတွေ လွတ်မြောက်အောင်လုပ်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်တခုကိုပဲ ကျနော်တို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျနော်တို့သွားတယ်။ မသွားခင်မှာလည်း ကျနော်တို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို ဆက်သွယ်တယ်။ နောက် နိုင်ငံတကာ သံရုံးတွေကို အကူညီတောင်းတယ်။ တကယ်လို့ အဲဒီလူတွေကို မင်းတို့ သူတို့မိဘတွေလက်ထဲကို   ပြန်ပို့ပေးနိုင်သလား။ပြန်ပို့ပေးနိုင်တယ်ဆိုရင် ငါတို့သွားဆွေးနွေးတော့မလို့။ သူတို့ကလည်း ဒါ စစ်သုံပန်းဆိုရင်တော့ရတယ်ပေါ့ဗျာ။ သူလျှိုဆိုရင်တော့…တကယ်တော့ တရုတ်ပြည်ကြီးကို   ဖြတ်ပြီး တော့သွားရမဲ့ ကိစ္စမှာ အိမ်ရှင်နိုင်ငံရဲ့ ခွင့်ပြုချက် မပါဘဲနဲ့တော့သွားလို့မရဘူးပေါ့။ အဲဒါဆိုရင်တော့ ကျနော်တို့ နည်း ကျနော်တို့ ဟန်နဲ့ လုပ်ရတော့မယ်ဆိုပြီးတော့ ကျနော်တို့ အနေနဲ့ဦးတည်ကြိုးပမ်းတာကတော့ အဲဒါပါပဲ။

နောက်အချို့ဟာတွေကို သိနိုင်အောင် သူတို့လည်း ပြောချင်တာ ပြောလို့ရအောင်   မေးတာရှိ တယ်။သူတို့လည်း မပြောကြဘူးလေ။ သူတို့မေးနိုင်အောင် လုပ်ပေးတယ်၊ ပြီးတော့ မဟာမိတ်တွေရှေ့ မှာ မေတ္တာရပ်ခံတာကတော့ သံခြေကျဉ်းတွေပေါ့ဗျာ၊ ကျနော်တို့ရဲဘော်တွေလည်းထောင်ထဲမှာ သံခြေကျင်းနဲ့ နေရတာရှိတယ်။ သူတို့လည်း မယုံကြတော့ဘူးဆိုရင်လည်း ပြန်ပါစေပေါ့၊ လွှတ်လိုက်ပေါ့။အဲလိုမျိုးကြီး မထားပါနဲ့ပေါ့၊ ရဲဘော်တွေ ကျွေးသလောက်တော့ ကျွေးပါပေါ့ရဲဘော်တွေ ခံစားခွင့်ရတဲ့ ကျန်းမာရေး ကုသခွင့်လောက်တော့ပေးပါပေါ့၊ အဲဒါမျိုးပေါ့လေ။

ပြောရင်းနဲ့ လေသံပျော့သွားပြီး ခဏနားတယ်။ပြီးမှ ကျမမေးခွန်းစမေးဖြစ်ပါတယ်။

မေး။ အကိုတို့အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်ဖြစ်စေချင်တယ်ပေါ့လေ၊ ကျမတို့ပြည်သူတွေ အနေနဲ့လည်း ABSDF ရဲ့ သမိုင်းကြောင်းမှာ ဒီဟာကြီးက အမည်းစက်ကြီး   ဖြစ်နေတော့လေ၊   ပြည်သူတွေအနေနဲ့ ခုထက်ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထောက်လှမ်းရေးတွေနဲ့လည်း ခုလို စုံစမ်းဖော်ထုတ်လို့ရနိုင်တဲ့ အနေအထားတခုရော ဖြစ်လာနိုင်ပါသလားရှင်။

ဖြေ။ ကျနော်မြောက်ပိုင်းခေါင်းဆောင်တွေအားလုံးကိုလည်း တင်ပြပါတယ်။တော်လှန်ရေး အတွေ့အကြုံအရ  အရမ်းကြီးမရှိသေးပေမဲ့လို့ ကျနော် ဖတ်ဖူး၊လေ့လာဖူးတာတွေ ကြားဖူးတာတွေ မဟာမိတ်တွေ ပြောပြတာတွေ ရှိခဲ့ဖူးတာကိုး။ ဒါက ဒီလောက်အများကြီးတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။မြောက်ပိုင်းသွားတုန်းကလည်း ကျနော်ပြောတယ်၊ ဒီကိစ္စက တနေ့နေ့တချိန်ချိန် ကျရင်တော့ ရှင်းရမှာ။

မေး။ ။ဟုတ်ကဲ့၊ ရှင်းသင့်တာပေါ့။

ဖြေ။ ရှင်းရမှာ ဆိုတာကလည်း ဗျာ ဥပမာ ကျနော်က ဒီလူကို ဒီလိုမြင်တယ်လို့ စွတ်စွဲတယ်။ အဲလို စွတ်စွဲတာကို တဖက်က ပြန်လှန်မေးဖို့ လူက ဘယ်မှာလဲ ဆိုတော့ မန္တလေးမှာပဲ ရှိတယ်။နောက် အစိုးရဘက်က ထောက်လှမ်းရေး တာဝန်ရှိတဲ့ သူကို ကျနော် ဘယ်လိုသွားမေးမလဲ။ ဆိုတော့ ကျနော်ပြောချင်တာက ဒါကြောင့်မို့ ဒီလို စွတ်စွဲထားတာတွေက မှန်တယ် မမှန်ဘူး၊ စဉ်းစားတဲ့အခါမှာ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ နောက်ပိုင်းမှာ သိလာတာပဲ။ လူ့အခွင့်ရေးချိုးဖောက် ခံရပြီး စစ်တာတွေ ရှိတယ်။ဒါတော့ မှားတယ်။ နောက်တခုက သေဒဏ်ပေးတဲ့အထိ မဖြစ်သင့်ဘူး။ ဒီနေ့ထိ သူတို့ရှိနေရင်တော့ ဖြေလို့ရတာပေါ့ဗျာ။ မှားသွားပြီးမှ ဆိုတော့ စိတ်မကောင်း စရာတွေဖြစ်တော့တာပေါ့။ နောက် ABSDF တခုလုံးပေါ့ဗျာတောထဲမှာ ABSDF ကတိုက်ပွဲဝင်ပြီး   သေခဲ့တာတွေ အနစ်နာခံပြီး လုပ်ခဲ့တဲ့ ABSDF ရဲ့ သမိုင်းတွေကို ဒီအမည်းစက်ကြီး အမှားတခုလို   ဖြစ်သွားတယ်ပဲ ထားဦးတော့နော်။  ဒါကြီးနဲ့တော့နော်…နော် ချေဖျက်လိုက်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။

မေး။ ။ကျမတို့ မီဒီယာအနေနဲ့ကတော့ ဒါကို ပြည်သူကလည်း တကယ်သိချင်တယ်။ နောက်   သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုဝင်တွေကလည်း သူတို့လည်း ခံစားရတာအပြင် တခုခုပေါ့နော်၊ သူတို့လည်း သူတို့သားသမီးတွေကို ဆုံးရှုံးသွားခဲ့ရတဲ့ အတွက် တခုခုပြန်လုပ်ပေးတာမျိုးနဲ့   ကျေနပ်ချင်တာပေါ့လေ။

ဖြေ။ ။ဒါပေါ့။ဒါပေါ့။ ကျနော်လည်း ကြုံတုန်းမှာ ပြောချင်တာက ဘာလဲ ဆိုတော့ ကျနော်နဲ့ အရင်တုန်းက ထောက်လှမ်းရေးတွေကိုပေါ့လေ သူတို့လည်း သားသမီးချင်း စာနာတဲ့ စိတ်နဲ့ ၀င်ကူညီပေးစေချင်ပါတယ်။ မဟုတ်ဘဲနဲ့ စွတ်စွဲခံရတယ်ဆိုတာကလည်း မကောင်းဘူး။ အဖွဲ့အစည်းကလည်း ဒါမျိုးတွေဖြစ်သွားတဲ့အခါကျတော့ မှားသွားတယ်ဆိုလို့ရှိရင်လည်း သူတို့လည်း တာဝန်ယူရမှာပဲ။ ကျနော်တို့ ဗဟိုအနေနဲ့ ပြောမယ်ဆိုရင် မဟုတ်သော်ငြားလည်း တာဝန်ယူရမှာပဲ တောင်းပန်ရမှာပဲ။ ဒီမှာ တဆက်တည်းပြောချင်တာကတော့   ထောက်လှမ်းရေး အနေနဲ့လည်း ဒါကိုဝိုင်းကူပြီးတော့ ဖြေရှင်းပေးကြပါ။

မေး။ ။ ဘယ်လိုကြောင့် ABSDF အဖွဲ့ နှစ်ဖွဲ့ ကွဲသွားကြတာလဲရှင့်၊ အကိုပြောခဲ့တဲ့ထဲမှာလည်း ပါတော့လေ အဲဒီပြသနာဖြစ်တဲ့ အချိန်မှာ ကွဲတယ်ဆိုတာမျိုး ကြားတော့လေ။

ဖြေ။ အဖွဲ့ ၂ ဖွဲ့က ဘာကြောင့်ကွဲသွားကြသလဲ ဆိုရင်တော့ ဦးဆောင်မှု ပြသနာပေါ့ဗျာ။ ဦးဆောင်မှု ပြသနာကို ရှင်းရမယ်ဆိုရင်တော့ ကျနော်တို့ကြားထဲမှာ ဒီမိုကရေစီကျင့်သုံးမှုနဲ့ပတ်သက်ရင် အမြင်မတူဘူး။ အမြင်မတူဘူးဆိုတာက အဲဒီအချိန်တုန်းက ကျနော်တို့က ရွေးကောက်ပွဲ ပုံစံနဲ့ ဒါကို လုပ်ချင်တယ်ပေါ့။တဖက်က ကိုမိုးသီးတို့ကလည်း တော်လှန်ရေးကာလမှာ ဒါမျိုး မလုပ်သင့်ဘူးပေါ့။ မှန်တာမှားတာတွေလည်း အဲဒီမှာ ညှိုလို့မရတာပေါ့။ အဲဒီအချိန်တုန်းက စိတ်ထဲမှာ ရှိနေတဲ့ နောက်ခံသံသယတွေကလည်း ဘာလည်း ဆိုတော့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဆင်နွဲရမယ်။ ဒီလူတွေက တော်လှန်ရေးကို ပြတ်ပြတ်သားသားဆင်နွဲမှာ မဟုတ်ဘူး၊ အတွေးအခေါ်သမားတွေဆိုတဲ့ သံသယလေးတွေလည်း ၀င်လာတာမျိုး ရှိတယ်။ ဒါပေမဲ့ ဒီနေ့လို ၂၄ နှစ်လောက်နေလာပြီးတဲ့ အခါကျတော့ ဒါတွေကလည်း ဘာမှ မဟုတ်ဘူးပေါ့။ အဲဒီလို စွတ်စွဲကြတဲ့  သူတွေကလည်း ဒီလိုပဲ တောထဲမှာ ဆက်နေပြီး ဒီလိုပဲ နေလာကြတော့ စိတ်ထဲမှာ သံသယရှင်း သွားတာပေါ့ဗျာ။ အဲဒီအချိန်တုန်းကတော့ အဲဒီအချိန်တုန်းကတော့ အတွေ့အကြုံ   နုနယ်ကြတဲ့ အချိန်၊ လူတွေကလည်း မာန်တက်ကြတဲ့အချိန်၊ အပြိုင်အဆိုင်ကလည်း ကြီးတဲ့အချိန်မှာ ကျနော်တို့ စိတ်နုနုနဲ့ မဖြစ်သင့်တာတွေဖြစ်ကြတာပါပဲ။

ခုချိန်မှာတော့ ဒေါက်တာ နိုင်အောင်က အသက် ၅၀  ရှိပြီလို့ သိရပါတယ်။ အသက် ၅၀ အရွယ်နဲ့ ပြန်သုံးသပ်ကြည့်ရင်တော့ စိတ်နုနုနဲ့ မဖြစ်သင့်တာဖြစ်ကြတယ်လို့မြင်ကြောင်း ပြောဆိုတာပါ။

“ကျနော် ဒီဘ၀ထဲမှာ ခံယူမှု ၂ ခုပေါ့။ တခုက ဘာလဲ ဆိုတော့ ကျနော်တို့ တကယ်လွတ်မြောက်ချင် တယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်တိုင်က တရားမျှတမှုဆိုတာ ဘာလဲဆိုတာ သိရမယ်၊ တခြားလူတွေရဲ့ မတရားမမျှတမှု အဲဒီအတွက်လည်း တိုက်ပွဲ ၀င်နိုင်ရမယ်။ သူတို့အတွက် တိုက်ပွဲဝင်ပေးနိုင်မှ သူတို့အတွက် ပြောဆိုပေးနိုင်မှ ကိုယ့်ရဲ့ တရားမျှတမှုဆိုတာရှိတယ်၊ အဲဒါတွေကို ခံယူနိုင်မှ ကျနော်တို့ လွတ်မြောက်နိုင်မယ်လို့  ခံယူတယ်`“

အသက် ၅၀ အရွယ်ရဲ့ ခံယူချက်ကို ပြောပါတယ်။ အဲဒီနောက်မှာတော့ ခဏ နားပြီး အင်တာဗျူးကို   ပြန်စဖြစ်ပါတယ်။

ဆက်လျက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment