Wednesday 5 September 2012

ပြည်တွင်း ကစားသမားများ နိုင်ငံခြားသား များထက် ပိုသာအောင် ကြိုးစားကြရန် ဦးတင်မြင့်အောင် တိုက်တွန်း

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နည်းစနစ် ဒါရိုက်တာ ဖြစ်သူ ဦးတင်မြင့်အောင်က ပြည်တွင်းမှ ကစားသမားများ အနေဖြင့် နိုင်ငံခြားသား ကစားသမား များထက် ပိုမို သာလွန်အောင် ရည်မှန်း ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲသည် တစ်ပွဲသာ ကစားရန် ကျန်ရှိတော့ချိန်၌ ဂိုးအများဆုံး (၁၀) စာရင်း၌ နိုင်ငံခြားသား ကစားသမား (၈)ဦးက ထိပ်ဆုံးမှ ဦးဆောင်နေရာ ဦးတင်မြင့်အောင်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ "မြန်မာ တိုက်စစ် ကစားသမား တွေဟာ နိုင်ငံခြားသား တွေထက် ပိုကောင်းအောင် ကြိုးစားဖို့ လိုနေပြီ ဆိုတာ ပြနေတာပါပဲ။ အမှန်တော့ ကိုယ့်ဆီက တိုက်စစ်မှူးတွေက အားရစရာ မကောင်းတာကြောင့် နိုင်ငံခြားသား ကစားသမား တွေကို ခေါ်ယူကြတာပါ။ ဒါပေမဲ့ ရေရှည်မှာ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ နိုင်ငံ့ လက်ရွေးစင် အသင်းအတွက် အခက်အခဲ တစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍လည်း မြန်မာ ဘောလုံး သမားများ အနေဖြင့် ဘောလုံးဖြင့် ရပ်တည်၍ ရနေသည့် အချိန်တွင် မိမိကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းကြစေ လိုကြောင်း၊ တိုင်းပြည်အတွက် ပေးဆပ်ရဲသည့် ခံယူချက်မျိုး ရှိရန် လိုကြောင်းလည်း ပြောကြားခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်း နည်းပြ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးတင်မြင့်အောင်က "အခု ပြဿနာက တိုက်စစ်မှူးတွေ အတွက်ချည်းတောင် မဟုတ်ပါဘူး။ တခြား နေရာတွေမှာ ကစားတဲ့ ပြည်တွင်းက ကစားသမားတွေ အနေနဲ့ ပိုပြီး ကြိုးစားဖို့ လိုအပ်နေပါပြီ။ ဘောလုံး သမားလေးတွေ အနေနဲ့ အခုလို ဘောလုံးနဲ့ ရပ်တည်လို့ ရနေတဲ့ အချိန်မှာ ကိုယ့်အလုပ် အပေါ် အာရုံစူးစိုက်ပြီး အကောင်းဆုံး ဖြစ်အောင်၊ အရည်အချင်းတွေ တိုးတက်လာအောင် ကြိုးစားကြဖို့ တိုက်တွန်း လိုပါတယ်။ တိုင်းပြည်အတွက် ပေးဆပ်ဖို့ ခံယူချက် ကောင်းဖို့ လိုအပ်ပါတယ်" ဟု ဆိုခဲ့သည်။

မြန်မာ နေရှင်နယ်လိဂ် ဂိုးအများဆုံး သွင်းသူ (၁၀)ဦးတွင် ဇေယျာရွှေမြေ တိုက်စစ်မှူး ဆာဆာက သွင်းဂိုး (၂၀)ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ကမ္ဘောဇ ကွင်းလယ်လူ နူးနက်ဇ်နှင့် ရတနာပုံ တိုက်စစ်မှူး ကိုနေး အဒမ်မာတို့က (၁၆)ဂိုးစီဖြင့် ဒုတိယ နေရာတွင် ရပ်တည်လျက် ရှိသည်။ ၎င်းတို့ နောက်တွင် လီယန်ဒရို၊ ကိုနေး၊ ဆီဇာ၊ အန်ဒရေ၊ အဆာလေ အစရှိသည့် ကစားသမားများ ဆက်တိုက် ဦးဆောင်နေကာ အဆင့် (၉)နှင့် (၁၀)တို့တွင် ပြည်တွင်း ကစားသမားများ ဖြစ်သည့် ရန်ပိုင်နှင့် စိုးမင်းဦးတို့က (၁၁)ဂိုးနှင့် (၁၀)ဂိုးစီဖြင့် အသီးသီး ရပ်တည်လျက် ရှိသည်။

ref:SM

No comments:

Post a Comment