Wednesday 5 September 2012

နိုင်ငံတကာ ဧည့်သည်တော်များအတွက် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများ တင်သွင်းမည်

လာမည့်နှစ်များတွင် ပြုလုပ်မည့် အာဆီယံဆိုင်ရာ အစည်းအဝေးများ၌ နိုင်ငံတကာမှ လာရောက်မည့် အထူးဧည့်သည်များ အသုံးပြုရန်အတွက် တန်ဖိုးမြင့် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများကို တင်သွင်းနိုင်ရန် တင်ဒါခေါ်ယူထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

တင်ဒါခေါ်ယူရာတွင် မာစီဒီးနှင့် လပ်ဇပ်ယာဉ် ၉၂ စီး၊ တိုယိုတာ Camry အစီး ၅၀၊ Audi A-6 အစီး ၃၀၊ စုစုပေါင်း ၁၇၂ စီး တင်သွင်းခွင့် ပြုမည်ဖြစ်ရာ တန်ဖိုးအကြီးဆုံး ယာဉ်အဖြစ် မာစီဒီးမှာ အဓိက ပါဝင်လာနိုင်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကပင် ပြောကြားသည်။
“ဌာနအတွက် အသုံးပြုမှာ မဟုတ်ပါဘူး။ ရှေ့နှစ်တွေမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေမှာ အရေးကြီးဧည့်သည်တွေ အတွက်ပါ”ဟု ၎င်းကပင် ပြောကြားသည်။

2011 နှင့် 2012 အစရှိသော နောက်ဆုံးမော်ဒယ်များကို တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး တင်ဒါလျှောက်ထား လိုသူအနေဖြင့် စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထား၍ နေပြည်တော် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ တင်သွင်းကြရမည်ဖြစ်ကြောင်း သြဂုတ် ၂၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် မာစီဒီးနှင့် လပ်ဇပ် ၂၀၁၂ မော်ဒယ်များမှာ ကျပ်သိန်း ၂,၅၀၀ မှ ၃,၀၀၀ အထိရှိကြောင်း ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

No comments:

Post a Comment