Wednesday 5 September 2012

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေမူကြမ်း၏ အားနည်းချက် UMFCCI က ထောက်ပြဝေဘန်


မကြာမီရက်ပိုင်းက လွှတ်တော်တွင်တင်သွင်းလိုက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း၏ အားနည်းချက် အချို့ကို UMFCCI မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ် တာဝန်ရှိသူများနှင့် စီးပွားရေး ပညာရှင်တချို့က ဝေဘန်ထောက်ပြလိုက်ကြသည်။
 UMFCCI အသင်းချုပ်ရုံးတွင် ယနေ့ညနေ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ



လက်ရှိ ဥပဒေမူကြမ်းတွင် အနိမ့်ဆုံး ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ သတ်မှတ်ချက်နှင့် နိုင်ငံခြား ကုမ္ပဏီနှင့် မြန်မာလုပ်ငန်းရှင် ပိုင်ဆိုင်မှု အချိုးအစား စသည့်အချက်အလက်တို့အပေါ်  UMFCCI တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူမှုစီးပွား အကြံပေးကောင်စီ အဖွဲ့ဝင်တဦးဖြစ်သူ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးတို့က ယနေ့ညနေ ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ဝေဘန်ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာဇော်ဦးက “ တားမြစ်ရမယ့် အနေအထားတွေမှာ အားနည်းနေတာရှိတယ် ။ မတားမြစ်ရမယ့်အနေအထားတွေမှာ စေတနာလွန်ကဲပြီးတော့ ဝေဒနာဖြစ်စေနိုင်တဲ့တားမြစ်ချက်တွေတွေ့ရတယ်  ”ဟု ဥပဒေမှုကြမ်း အပေါ်ဝေဘန်ပြောဆိုသည်။

ယခု ဥပဒေမူကြမ်းတွင် အနိမ့်ဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏကို ဒေါ်လာငါးသန်း သတ်မှတ်ထားရာ ယင်းပမာဏသည် အာဆီယံနိုင်ငံများ အနက် အမြင့်ဆုံး ဖြစ်နေကာ ကမ္ဘောဒီးယား၊ လာအို ၊ဖိလစ်ပိုင်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ၁၅ ဆခန့် များနေကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံခြားကုမ္ပဏီအနေဖြင့် ကုန်ထုတ်လုပ်ငန်း ကဏ္ဍအချို့တွင် ရင်းနှီးမည့် အနိမ့်ဆုံး ပမာဏကို အမေရိကန် ဒေါ်လာ ၅ သန်းသတ်မှတ်ထားကြောင်း ဥပဒေမူကြမ်းကို လေ့လာခွင့်ရသူများ၏ အဆိုအရ သိရသည်။

ယင်းသို့ အနိမ့်ဆုံး ပမာဏ သတ်မှတ်မှုတွင် မြန်မာနိုင်ငံသည် အာဆီယံ ကိုးနိုင်ငံထက်စာလျှင် အတော်များနေသည့် ပမာဏဖြစ်နေကြောင်းလည်း ၎င်းက ပြောသည်။

ပိုင်ဆိုင်မှု ပမာဏကန့်သတ်ချက်နှင့် ပတ်သက်၍ နိုင်ငံခြားလုပ်ငန်းရှင်အနေဖြင့် ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရှိသော်လည်း ပြည်တွင်း လုပ်ငန်းရှင်နှင့် ဖက်စပ်လုပ်ကိုင်ရာတွင်မူ အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်း ကန့်သတ်ထားသည်ဟု ယင်းဥပဒေကြမ်းတွင် ဖေါ်ပြထားသည်ဟု သိရသည်။

ကုန်သည်/စက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းအောင်ကမူ လူအများမလိုက် နာနိုင်သည့်တင်းကြပ်သော ဥပဒေကို ပြဋ္ဌာန်းခဲ့လျှင် ဥပဒေကို ချိုးဖောက်ကြမည့်အလားအလာမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဝေဘန်ထောက်ပြသွားသည်။

ဖက်စပ်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အနိမ့်ဆုံးနှင့် အမြင့်ဆုံး မြှုပ်နှံမည့် ပမာဏ သတ်မှတ်ချက်များကို ကဏ္ဍအတော်တော်များများတွင် ကန့်သတ်ထားသဖြင့် ယင်းအချက်ကြောင့် ပြည်ပမြှုပ်နှံမှုကို အတားအ ဆီးဖြစ်စေနိုင်သည်ဟု ဒေါက်တာဇော်ဦးက ပြောသည်။

ဥပဒေမူကြမ်းတွင် အခွန်ကင်းလွတ်ခွင့် ဂ နှစ်အထိ သတ်မှတ်ပေးထားရာ ယင်းလျော့ပေါ့ပေးလိုက်မည့် အစား အခွန်ငွေများကို ပြည်တွင်း လုပ်ငန်းရှင်များအတွက် နည်းပညာပိုင်းနှင့် လုပ်သားစွမ်း ရည်မြှင့် တင်ရေး အပိုင်းတွင် ပံ့ပိုးပေးရန် ၎င်းက အကြံပြုဝေဘန်ပြောဆိုသွားသည်။

အဆိုပါဥပဒေ အတည်ပြုရေးနှင့်ပတ်သက်၍  ဒေါက်တာဇော်ဦးက“အချိန်ယူပြီးစဉ်းစားနိုင်ရင်တော့ လုပ်ငန်းရှင်တွေရော လူထုအခြေပြုလုပ်ငန်းရှင်တွေဘက်ကရော ပညာရှင်တွေဘက်ကရော ပိုပြီးတော့စဉ်းစားနိုင်ခွင့် အချက်အလက်တွေကို တင်ပြပေးနိုင်မယ်” ဟု အစိုးရအနေဖြင့် အလောသုံးဆယ် အတည်ပြု ပြဋ္ဌာန်းခြင်း မပြုဖို့ အကြံပေး သုံးသပ်ပြောကြားသွားသည်။

YPI

No comments:

Post a Comment