Wednesday 19 September 2012

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကူညီရန် ဒေါ်အောင်ဆန်းစုကြည်အား မေတ္တာရပ်ခံ

အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသော ကချင်တိုင်းရင်းသားများ ဖွဲ့စည်းထားသည့် မိတ်သ ဟာယ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ကိစ္စရပ်များ အား ဖြေရှင်းပေးပါရန် အချက် ၅ ချက်ပါဝင်သော ထုတ်ပြန်ချက်တစ်ရပ်ကို စက်တင်ဘာ ၁၆ ရက်တွင် မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမေရိကန် ကွန်ဂရက်လွှတ်တော်မှ ချီးမြှင့်သော ဆုတံဆိပ်ကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့ လာရောက်ခြင်းကို ၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ သို့သော် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်မက်ဘေးကြောင့်လည်းကောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့်လည်းကောင်း မိမိတို့၏ ဆွေမျိုးသားချင်းများ ဆင်းရဲဒုက္ခရောက်ရှိနေရသည့် အခြေအနေများကြောင့် မိမိတို့အနေဖြင့် ၀မ်းမြောက်ပျော်ရွှင်ရန်မှာ မည်သို့မျှ ဆီလျော်အပ်စပ်မှု မရှိပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လွှတ်တော်တွင် အတိုက်အခံ   ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ ဖြစ်ခြင်းတို့ကို အမှီပြု၍ အချက် ၅ ချက်ကို ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။ 
 
အဆိုပါအချက်များတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိနိုင်မည့်   နိုင်ငံရေးဆွေးနွေးပွဲကို ၀ိုင်းဝန်းကြိုးပမ်းပေးရန်၊ အသုံးပြုနေသော စစ်အသုံးစရိတ်များကို လွှတ်တော် ကိုယ်စားလှယ်များ၏ အင်အားရယူ၍ တားဆီးပေးရန်၊ မြစ်ဆုံဆည်နှင့်အတူ ဧရာဝတီမြစ်ဖျားတွင် တည်ဆောက်ရန်ရှိသော ဆည် ၆ ခုအား လုံးဝဆောက်လုပ်ခြင်း မပြုရန်အတွက် တားဆီးပေးရန် စသည့်အချက်များ ပါဝင်သည်။

အဖွဲ့ဝင်အင်အား နှစ်ထောင်ကျော်ရှိသော ကချင်တိုင်းရင်းသား မိတ်သဟာယအဖွဲ့၏   ကြေညာ ချက်နှင့်စပ်လျဉ်း၍ ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတကာ   သို့ ရောက်ရှိနေစဉ် ကချင်ပြည်နယ်ရှိ ထိုးစစ်များကို ရပ်တန့်ရန် ကြိုးစားဆောင်ရွက်သင့်ကြောင်း ကချင်နှစ်ခြင်းအသင်းတော်မှ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။ “မနှစ်က မြစ်ကြီးနားမှာ မစုနဲ့တွေ့ကတည်းက ဒီမိုကရေစီအရေးထက် တိုင်းရင်းသားအရေးက ပထမလို့ ပြောခဲ့ပါတယ်”ဟု ၎င်းကပြောသည်။ 
 
တိုင်းရင်းသားအရေး ငြိမ်းချမ်းအောင် မဆောင်ရွက်ဘဲ ဒီမိုကရေစီ မရရှိနိုင်ကြောင်း၊ ယခုကြေညာ ချက်ပါအတိုင်း ကချင်ဒုက္ခသည်စခန်းများမှ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို နိုင်ငံတကာမှ လာရောက်ကြီးကြပ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆောင်ရွက်သင့်ကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
 
ref:7daynews

No comments:

Post a Comment