Wednesday 19 September 2012

မန္တလေးမြို့ကြီးတွင် ပထမဆုံးအကြိမ် အလုပ်အကိုင်ပြပွဲ ကျင်းပမည်

Wednesday, 19 September 2012

မန္တလေးမြို့ကြီးတွင် ပထမဆုံးအကြိမ် အလုပ်အကိုင်ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း Look East Organization (Myanmar) မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းထွန်းက ၁၂-၉-၂၀၁၂ ရက်တွင် ပြောကြား သည်။ အဆိုပါ အလုပ်အကိုင်ပြပွဲကို စက်တင်ဘာလ ၃၀ ရက်တွင် မန္တလေးမြို့ရှိ 78 Shopping Mall တတိယထပ်ရှိ Promotion Area တွင် တစ်ရက်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကျင်းပမယ့် အလုပ်အကိုင်ပြပွဲမှာ ရန်ကုန်က ကုမ္ပဏီတွေလည်း ပါမယ်။ မန္တလေးမှာကျတော့ ကမ္ပဏီလုပ်ငန်း လုပ်တယ်ဆိုတာ ရှားတယ်။ မန္တလေးမှာက ကုမ္ပဏီလုပ်ငန်းထက် မိသားစုပုံစံနဲ့လုပ်တဲ့ လုပ်ငန်းတွေပဲ များတယ်။ ပြီးတော့ မန္တလေးကလူတွေက Job Fair ဆိုရင် သိပ်မသိကြဘူး။ ကုန်စည်ပြပွဲဆိုရင် သိကြတယ်။ ရန်ကုန်မှာက အခုဆိုရင် Job Fair တွေလည်း ကျင်းပလာတော့ ရန်ကုန်ကလူက ရင်းနှီးနေပြီ။ မကြာခင် AEC ကလည်း ဝင်လာမှာဆိုတော့ ကုမ္ပဏီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မန္တလေးက လူတွေကိုလည်း သေသေချာချာ သိစေချင်တယ်။ ဒီပြပွဲမှာ အလုပ်အကိုင် အေဂျင်စီတွေတော့ မပါဘူး။ သူတို့ပါလာရင် ငွေကြေးတွေ ပေးရမယ်။ ကျွန်တော်တို့ လုပ်တာက အခမဲ့ပါ။ လာလျှောက်တဲ့သူလည်း စရိတ်မကုန်သလို၊ ဝန်ထမ်းလိုချင်တဲ့ ကုမ္ပဏီဘက်ကလည်း စရိတ်မကုန်စေရပါဘူး” ဟု ယင်းက ပြောကြားသည်။ အဆိုပါပွဲတွင် အင်ဂျင်နီယာဘွဲ့ရများအတွက် ရည်ရွယ်ပြီး ပြည်ပကုမ္ပဏီများနှင့် ချိတ်ဆက်ထားပြီး ပွဲတွင် အလုပ်မရရှိသူများ၏ CV Form များကိုလည်း ဆက်လက် သိမ်းဆည်း ထားမည်ဖြစ်ကာ ဝန်ထမ်းလိုအပ်သော ကုမ္ပဏီများမှ တောင်းဆိုလျှင် ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အနာဂတ် မန္တလေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ခေါင်းစဉ်ဖြင့်လည်း ဆွေးနွေး ပို့ချပေးမည့်အပြင် မိမိရယူထားသော ဘွဲ့လက်မှတ်များနှင့် ကိုက်ညီသည့် လုပ်ငန်းများကိုလည်း ဆွေးနွေးရွေးချယ်ပေးခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အလုပ်အကိုင်ပြပွဲတွင် ကုမ္ပဏီပေါင်း ၃၀ ခန့် ပါဝင်မည်ဖြစ်ပြီး အလုပ်သမား ဥပဒေနှင့် ပတ်သက်သည်များကိုလည်း ဟောပြောသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။  

မူရင်းသတင်း - ( ခေတ်လူငယ် )

No comments:

Post a Comment