Tuesday 7 August 2012

၂၁ နှစ်ပြည့် မွေးနေ့အတွက် ၂၁သိန်းလှူခဲ့တဲ့ မိုးယုစံ

ဥရောပ ၅ နိုင်ငံကို နှင်းဆီအဖွဲ့နဲ့ အတူ တစ်လကြာ ဖျော်ဖြေခဲ့တဲ့ မိုးယုစံက သြဂုတ် ၁ ရက်နေ့မှာ   မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာ ပွဲလုပ် တာ သိပ်မရှိသလို အငြိမ့်ကိုလည်း တအား ချစ်မြတ်နိုး ကြတာကြောင့် ပရိသတ် အားပေးမှု အထူးရရှိခဲ့သလို ဖျော်ဖြေပွဲ ၅ ခုစလုံးက အမှတ်တရလည်းဖြစ် ခဲ့ကြောင်းပြော ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှာ ကျရောက် ခဲ့တဲ့ မိုးယုစံရဲ့မွေးနေ့ကို လန်ဒန်မှာ ဖြတ်သန်းခဲ့ပါတယ်။ လန်ဒန်မှာရှိတဲ့ သာသနရံသီ ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းနဲ့ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။
နှစ်တိုင်းမွေးနေ့ ကိုအလှူတွေနဲ့ ဖြတ်သန်းဖြစ်တဲ့ မိုးယုစံက ဒီနှစ်ကိုလည်း ရန်ကုန်မှာရှိတဲ့ စိတ်ကျန်းမာရေး ဆေးရုံ၊ ရွှေတိဂုံစေတီ၊ ဇီဝိတဒါနဆေးရုံ၊ ဇီဝိတဒါန မျက်စိဌာန၊ သီလရှင်ကျောင်း၊   နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ မိဘမဲ့လူငယ် အသင်းကျောင်း၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဌာန၊ မျက်မမြင် ကျောင်း၊ နားမကြားကျောင်းစတဲ့ ၁ဝ နေရာမှာ တစ်နေရာကို ငွေကျပ်၂ သိန်း ၁ သောင်းနဲ့ စုစုပေါင်း ၂၁ သိန်းကို လှူဒါန်းခဲ့ပါတယ်။

မိုးယုစံနဲ့ မိခင်ဖြစ် သူက ဥရောပ ခရီးစဉ်သွားနေတဲ့အတွက် ဖခင်ဖြစ်သူက မွေးနေ့ အတွက် သွားရောက် လှူဒါန်းပေး ခဲ့တာဖြစ်ပါတယ်။ မိုးယုစံက…”ပထမကတော့ မွေးနေ့ ကိုဘုန်းကြီးကျောင်းမှာပဲ ဝါဆို သင်္ကန်းကပ်တယ်၊ ဆွမ်းကပ်တယ်၊ နိုင်ငံခြား သွားတယ်ဆိုတော့ မွေးနေ့လက်ဆောင်တွေ ဘာတွေရမယ်လို့ မထင်ထားဘူး။ ပရိသတ်တွေက မွေးနေ့မှန်းသိကြပြီး Happy Birthday လည်းလုပ်ကြတယ်။ လက်ဆောင်တွေ လည်းပေးကြတယ်” လို့ပြောပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း “ခရီးသွားရတာ ကိုယ့်အတွက် ဗဟု သုတ လည်းရတယ်။ ကိုယ်မရောက်ဖူးတဲ့နေရာလည်းရောက်ဖူးတယ်။ ပြီးတော့ ကုသိုလ်လည်းရတယ်။ သာသနာပြုနေတဲ့ ဘုန်းကြီးကျောင်း အတွက် မိုးယုတို့က တစ်ဖက် တစ်လမ်းကနေ အခုလို မျိုး ဆောင်ရွက်ပေးရ တဲ့အတွက် တအား ပီတိဖြစ်ရပါတယ်” လို့မိုးယုစံက ပြောပါတယ်။ မိုးယုစံက စက်တင်ဘာမှာ ကိုရီးယားကိုသွားဦး မှာဖြစ် ကြောင်း၊ မျက်စိဝေဒနာကြောင့် ဇာတ်ကားရိုက် နှစ်လနားထားသလို တစ်လလောက်က ခရီးသွားနေတာ ဖြစ်တဲ့အတွက် ဒီကပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ် ခဲ့ပြီး သြဂုတ် ၅ရက်နေ့မှာတော့ ဟိန်းဝေယံနဲ့ ဇာတ်ကားပြန်လည် ရိုက်ကူးနေပြီဖြစ်ကြောင်း ပြောပါတယ်။

No comments:

Post a Comment