Tuesday 7 August 2012

အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရ

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နှင့် ငါးမိုင်ခန့် အကွာရှိ ဂုပိတောင်ရွာ စတင်မီးရှို့ခံရကာ အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရသည်။

“သေတဲ့သူတွေကို ချောင်းထဲ ပစ်ချသွားကြလို့ ဒီနေ့မှ ပြန်ရှာတွေ့တာ… ပျောက်ဆုံးနေသူတွေ    လည်းရှိပါတယ်” ဟုရွှေလင်ရွာမှ ဒေသခံတစ်ဦးကပြောသည်။

ရွာစွန်ရှိအိမ်များကို မြားဖြင့်ပစ်ခတ်ပြီး အိမ်ပေါ်မှလူများကြောက်လန့်ထွက်ပြေးသွားသောအခါမှ အိမ်များကို မီးရှို့ခဲ့ကြသည်ဟု ဒေသခံများကပြောသည်။

“သူတို့မှာ လောင်စာဆီနဲ့ ဂက်စ်ဘူးတွေပါလာတယ်”ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ရွာသားများမှာ အကြမ်းဖက်သူများရွာကို ၀ိုင်းလာသည့် အချိန်မှ ယမန်နေ့တစ်ညလုံး
ရွာအနီးရှိ သင်္ချိုင်းတွင်     ပုန်းအောင်းနေခဲ့ရသည်ဟု ရွာသားများကပြောသည်။

သီးခြားအတည်မပြုနိုင်သော သတင်းများအရ လာရောက်မီးရှို့သူများမှာ ကျောက်တော်မြို့နှင့် အနီးဝန်းကျင်ရွာများမှဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၁၁ ဦးထက်မနည်းရှိသည်ဟု ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ် မောင်တော၊ စစ်တွေမြို့တို့တွင် မငြိမ်မသက်မှုများ ဖြစ်ပွားပြီးကာစ ဇွန်လ ၁၅ ရက်နေ့ကလည်း အပေါက်ဝ ကျေးရွာရှိ လူနေအိမ် ၄၀ နီးပါး မီးရှို့ခံခဲ့ရသည်။

ယခုမီးရှို့ခံရသောရွာများသည် ကမန်နှင့် ဘင်္ဂါလီလူမျိုးအများစုနေထိုင်သောရွာများဖြစ်ကြသည်။
အခင်းဖြစ်ရာနေရာများသို့    အာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့များမှာ အချိန်များစွာနောက်ကျမှ   ရောက်လာပြီး ရှိနေသည့် ရဲကင်းများကလည်း မတားဆီးခဲ့ဟု မျက်မြင်ဒေသခံများကပြောသည်။

မြန်မာအစိုးရအနေဖြင့် ပြီးခဲ့သည့်ဇွန်လက ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုများကို ကြိုတင်တားဆီးနိုင်ပါလျက်နှင့် မတားဆီးခဲ့ဟု လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch) က ၎င်းတို့၏ အစီရင်ခံစာတွင်ရေးသားခဲ့သည်။ ။

No comments:

Post a Comment