Tuesday 7 August 2012

“၀ါဆိုပွဲဖြစ်ပေါ်လာပုံ”

ဝါဆိုခြင်းဟူသည် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုရာ ၀ါကပ်ရာကျောင်း၊ ကျောင်းတိုက်၌ အမြဲနေခြင်းပင်   ဖြစ်သည်။ ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် ၁-ရက်နေ့၌ဖြစ်စေ ၀ါခေါင်လပြည့်ကျော် ၁-ရက်နေ့၌ဖြစ်စေ သံဃာတော်များ စုဝေးပြီး သံဃာတော်တစ်ပါးချင်း အလှည့်ကျ “ဤကျောင်း၌ ဤ၀ါတွင်းသုံးလပတ်လုံး ၀ါကပ်ပါမည် နေပါမည်” ဟု ရွတ်ဆိုလျှောက်ထားကြရသည်။ ဤသို့ ရွတ်ဆို လျှောက်ထားကြသည်ကိုပင် ၀ါဆိုသည် ၀ါကပ်သည်ဟု ခေါ်သည်။

ဤ ၀ါဆိုခြင်းဝါကပ်ခြင်းသည် ဘုရားရှင်လက်ထက်တော်ကပင် ဘုရားရှင်ကိုယ်တော်တိုင် ပညတ်ချက် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရသည်။ ဘုရားရှင် ဤပညတ်ချက်ကို မထုတ်ပြန်မီက ရဟန်းတော်များသည် တစ်နေရာတည်း တစ်ကျောင်းတည်း၌ အမြဲသီတင်းသုံးတော်မမှုကြဘဲ ၁၂-လရာသီပတ်လုံး နေပူ မိုးရွာ မရှောင် ခရီးလှည့်လည်ကြွသွားတော်မှုနေကြသည်။

ထိုအဖြစ်အပျက်တို့ကို တွေ့မြင်ရသောာ လူတို့သည် “သာသနာပ တိတ္ထိတို့သည်ပင် မိုးအခါ၌ ခရီးများမသွားကြဘဲ ကြောင့်ကြမဲ့ နေထိုင်ကြကုန်၏။ ယုတ်စွအဆုံး ကျေးငှက် တိရစ္ဆာန်တို့သည်ပင် မိုးတွင်းအခါ၌ အသိုက် အမြုံတို့တွင် ခိုအောင်းကာ နေထိုင်ကြကုန်သေး၏။ ဘုရားသားတော် ရဟန်းများသည် အဘယ်ကြောင့် တစ်နှစ်ပတ်လုံး ခရီးသွားလာနေကြဘိသနည်း၊ ထိုရဟန်းတော်တို့ ခရီးသွားလာနေကြသဖြင့် သီးနှံပင် မြက်သစ်ပင်များနှင့် သတ္တ၀ါငယ်လေးများ သေကြပျက်စီးကြရ၏”ဟု ကဲ့ရဲ့ပြစ်တင်စကား ဆိုကြကုန်၏။

ထိုအချိန်မှစ၍ ဘုရားရှင်သည် ရဟန်းတော်များတွင် ပုရိမ၀ါကပ်ကြမည့် ရဟန်းတော်များသည် ၀ါဆိုလပြည့် ကျော် ၁-ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ လည်းကောင်း၊ ပစ္ဆိမ၀ါကပ်ကြမည့် ရဟန်းတော်များသည် ၀ါခေါင်လပြည့်ကျော် ၁-ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ လည်းကောင်း၊ ၀ါကပ်ရာကျောင်း၊ ကျောင်းတိုက်၌ အမြဲနေထိုင်ကြရမည်ဟု ပညတ်တော်မှုခဲ့သည်။

ထိုအခါ ရဟန်းတော်များသည် ဘုရားရှင်ထံမှ ကမ္မဌာန်းတရားများ နာယူကာ မိမိတို့ ၀ါဆို ၀ါကပ်လိုရာ တစ်ကျောင်းကျောင်း၌ ၀ါတွင်းသုံးလပတ်လုံး နေထိုင်ကြလျက် တရားရူမှတ်ပွားများကာ နေထိုင်ကြကုန်၏။ ထိုသို့ ရဟန်းတော်တို့ ၀ါတွင်း သုံးလပတ်လုံး တရားပွားများကြသဖြင့် ထိုရဟန်းတော်တို့ အမှီပြုနေထိုင်ရာ မြို့ရွာနေလူ အပေါင်းတို့လည်း ၀ါတွင်းကာလ၌ အလှူဒါနပြုလုပ်ရခြင်း၊ သီလဆောက်တည်ရခြင်း၊ တရားဘာဝနာကြားနာရူမှတ်ရခြင်းအကျိုးများ ရရှိကြကုန်၏။

ထို့ကြောင့် ထိုလူတို့သည် မိမိတို့မြို့ရွာ ကျောင်းများ၌ ၀ါကပ်ကြမည့် ရဟန်းသံဃာတော်တို့ ၀ါတွင်းသုံးလပတ်လုံး ချမ်းသာစွာဖြင့် တရားရူမှတ်ပွားများနိုင်ကြစေရန် ဆွမ်း သင်္ကန်း ကျောင်း ဆေး ပန်းနံ့သာ စသည်များဖြင့် ပူဇော်ကြကုန်၏။

ထိုသို့ သံဃာတော်များ ၀ါဆိုလတွင် ၀ါဆိုဝါကပ်ကြသည့်အချိန်၌ လူများစွာတို့ ပစ္စည်းများဖြင့် ပူဇော်ကြသည်ကို အကြောင်းပြု၍ ၀ါဆိုပွဲတော်ဟု မြန်မာ့ယဉ်ကျေးမှု ထုံးစံတစ်ရပ်အဖြစ် ယနေ့တိုင် ထင်ရှား လျက် ပြုလုပ်နေဆဲပင် ဖြစ်ပေသည်။

No comments:

Post a Comment