Tuesday 7 August 2012

ALP ကို နယ်ခြားစောင့်တပ်ဖွဲ့ကာ အင်အားထပ်တိုးစေချင်ဟု ဦးအောင်မင်းပြော

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP Arakan Liberation Party) ကိုနယ်ခြားစောင့်တပ်ဖွဲ့ ကာ ယခုလက်ရှိအင်အားထက် အဆ ၂၀ ၀န်းကျင်တိုးစေချင်သည်ဟု ပြည်ထေင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။


ပြီးခဲ့သည့် လကုန်ပိုင်းက ၎င်းတို့ပါတီနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောခဲ့သည်ဟု ၎င်းက ပြောသည်။

'' ၀န်ကြီးကတော့ ဖွဲ့စေချင်တယ်ပြောတယ်။ ဒါပေမယ့် (ALP) ရဲ့အင်အားကနည်းနေတော့ ထပ်တိုး   စေချင်တယ်လို့လည်း ပြောတယ်" ဟု ဦးမျိုးကျော်ကဆို သည်။

ရခိုင်လွတ်မြောက်ရေးပါတီ(ALP) သည်လက်ရှိတွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလျက်ရှိပြီး ၎င်းပါတီတွင်အင်အား (၂၀၀) ခန့်သာရှိသဖြင့် ပြည်ထောင်စုဝန်ကြီးကအင်အား (၄၀၀၀) ခန့်ရှိရန် လိုအပ်သည်ဟု ပြောခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ မြေပုံမြို့ နယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်   ဦးဖေသန်းက ''ပါတီဘက်ကလုပ်နိုင်မယ် ဆိုရင်ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်    တံခါးကို အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ စောင့်ရှောက်နိုင်လိမ့်မယ်။ ဒါပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့ရင် ဖွဲ့စည်းပုံအရ စစ်တပ်လက်အောက်ကို ရောက်မှာဆိုတော့ ပါတီသဘောထား ဘယ်လိုရှိမလဲမသိဘူး'' ဟုပြောသည်။

ထိုသို့ပြုလုပ်နိုင်ပါက ALP အနေဖြင့်တရားဝင် အမျိုးသားရေးလုပ်နိုင်မည့် အနေအထားသို့ ရောက်ရှိနိုင်
မည်ဖြစ်ကြောင်း၊ ၎င်းပါတီ၏တာဝန်သည်လည်း အရေးပါလာမည်ဖြစ်ကြောင်း ဦးဖေသန်းက ဆိုသည်။

၎င်းက '' ဆက်ဆံရေးရုံးဖွင့်ထားရုံလုပ်လို့ရတဲ့ ငြိမ်းချမ်းရေးထက် ဒီလိုတာဝန်ယူရတာ ပိုကောင်း မယ်ထင်တယ်။ ပြီးတော့ အရင်က ကိုယ့်ကျိုးရှာပြီး လာဘ်စားခဲ့သူတွေကြောင့် နိုင်ငံခြားသားတွေ ရခိုင်ပြည်နယ်ထဲခိုးဝင်လာတဲ့ ရန်ကိုလည်း ALP အနေနဲ့ကာကွယ်နိုင်မယ်'' လို့ဆက်ပြောကြားသည်။

ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ် အနောက်ပိုင်း မောင်တောမြို့နှင့် စစ်တွေမြို့များတွင် ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်လူမျိုးများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်  ထိစပ်နေသည့် မောင်တောမြို့တွင် ဘင်္ဂါလီလူမျိုး အများစုနေထိုင်ကြပြီး ၎င်းတို့အနက် အများစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၄၊ ၅ခုအတွင်း လူဦးရေထူထပ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ခိုးဝင်လာခြင်းဖြစ်သည်ဟု မြန်မာ အစိုးရက ယူဆထားသည်။ ယင်းအခြေအနေကြောင့် ALP အဖွဲ့အား ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းစေ လိုခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်သူများက ကောက်ချက်ချကြသည်။

ALP / ALA Arakan Liberation Army ကို ၁၉၇၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာ-အိန္ဒိယနယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်တို့တွင် အခြေစိုက်ပြီး လက်နက်ကိုင် အင်အား ၂၀၀ ၀န်းကျင်ရှိသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလကုန်ပိုင်းက မြန်မာနိုင်ငံအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ ဖိတ်ခေါ်ချက်အရ ALP ခေါင်းဆောင်များ စစ်တွေမြို့သို့ လာရောက်ဆွေးနွေးခဲ့ကြရာ ALP ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ရခိုင်လူမျိုး သိန်းနှင့်ချီကြိုဆိုခဲ့ကြသည်။ လက်ရှိ ဒုတိယဥက္ကဋ္ဌမှာ ခိုင်စိုးနိုင်အောင်ဖြစ်၍ အတွင်းရေးမှူး (၂)မှာ ခိုင်သုခဖြစ်သည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ရာ  လက်နက်ကိုင် အဖွဲ့အတော်များများနှင့် ပြည်နယ်အဆင့်၊   ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ကချင်လွတ်လပ်ရေး အဖွဲ့နှင့် ၁၇ နှစ်ကြာ အပစ်ရပ်ခဲ့ပြီး ၂၀၁၁ ဇွန်လတွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ရာမှာ ယခုချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။       ။

No comments:

Post a Comment