Tuesday 31 July 2012

သျှမ်းပြည်တပ်မတော်နှင့် ၀ တပ်ဖွဲ့ဒုတိယအကြိမ်စစ်ရေးတင်းမာနေမှုကို ဖြေရှင်း




သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွှတ်ရေး
တပ်မတော်တို့အကြား နယ်မြေနှင့်စပ်လျဉ်း၍ နှစ်ဘက်စစ်ရေးတင်းမာခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက်
ကဆိုပါသည်။
“ မိုင်းဆတ်ဘက်ကနေ ဟိုပန်ဟိုယွက်ဘက်ကို ၀အင်အားဖြည့်တဲ့ယာဉ်တန်း မနေ့မနက်က ၁၀ စီး ညနေက ၁၀ စီးတက်တယ် ” ဟု ထိုင်းနယ်စပ်လုံခြုံရေးအရာရှိများက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
၎င်းနှင့်ပတ်သက်၍ ချင်းမိုင်ခရိုင် ဖုန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင် အခြေစိုက်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂၇ က ၄င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်းဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ စခဲ့ကြောင်း၊ အဆိုပါဒေသအား ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၄င်းတို့ထိန်းချုပ်နယ်မြေအား ကျူးကျော်လာသည်ဟုဆိုကာ အင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း ပြောပါသည်။

“ ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့က အရင်ကတည်းက ကျနော်တို့အပေါ် သံသယရှိနေတယ်။ ဘာသံသယလဲဆိုတော့ SSA ဟာ အစိုးရနဲ့ပူးပေါင်းပြီးတော့ UWSA ကို တိုက်ခိုက်မယ်ဆိုတာပါဘဲ။ ကျနော်တို့ အဲလိုလုံးဝမရှိပါဘူး။ ကျနော်တို့ရည်ရွယ်ချက်က ညီအစ်ကိုမောင်နှမတွေဘက်ကို
 သေနတ်ပြောင်းဝမလှည့်ပါဘူး။ တောကြက်ချင်းခွပ်ရင် မုဆိုးဝမ်းသာမှာပေါ့။ ၂ ကောင်စလုံးမောရင် သူဖမ်းစားရုံဘဲ” ဟုလည်း သျှမ်းပြည်တပ်မတော်၏အကြီးအကဲတစ်ဦးကလည်း ပြောသည်။

အဆိုပါပုံတောင်း၌ ယခင်ယခင်က ၀တပ်ဖွဲ့အခြေချနေထိုင်ခဲ့ဖူးသော စခန်းဟောင်းတစ်
ခုဖြစ်သည်ဟုလည်း ဒေသခံများ ပြောပြချက်အရသိရသည်။ နယ်မြေစိုးမိုးရေးပြသာနာအား ၀ခေါင်းဆောင်ပိုင်းနှင့် ညှိနှိုင်းဖြေရှင်းနေဆဲဖြစ်ပြီး သဘောတူညီချက်အချို့ ရရှိပြီဖြစ်သဖြင့် ဝ
တပ်ဖွဲ့ယာဉ်အချို့တပ်ဆုတ်ပြန်နေပြီဖြစ်ကြောင်း ဒေသအတွင်းရှိ တပ်မှုးတစ်ဦးက ပြောပါသည်။
အတည်မပြုနိုင်သေးသည့်သတင်းအရ မြောက်ပိုင်း ၀နယ်တရုတ်နယ်စပ်အခြေစိုက် တပ်မဟာ ၄၆၈ လီအိုက်စုဦးဆောင်သည့်တပ်ဖွဲ့ကလည်း တောင်ပိုင်းသို့ အင်အားဖြည့်တင်းမည်ဟူသည့် သတင်းလည်းထွက်ပေါ်နေပါသည်။

RCSS/SSA ၏ ယခုလ ၂၆-၂၇ ရက်နေ့က ကျင်းပသော ၆ လပတ်အစည်းအဝေး၌လည်း အစိုးရနှင့်ဆွေးနွေးထားသော ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းဆက်လက်လျှောက်လှမ်းသွားမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။အလားတူ သျှမ်းသံတော်ဆင့်မှ
 အတည်မပြုနိုင်သည့် သတင်းအရ ယခုလ ၉ ရက်နေ့ကလည်း သီပေါဘက်လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော်တပ်ဖွဲ့တစ်ဖွဲ့က ဟုန်ပန်းကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးအား ထိန်းသိမ်းထားကြောင်း၊ သို့သော်အဆိုပါ ၀န်ထမ်းအားလည်း ၁၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောပါသည်။

No comments:

Post a Comment