Tuesday 31 July 2012

တောင်ငူ၊ ဘားအံ ၊ ရွှေကျင် တို့တွင် မြစ်ရေကြီးမှု ဖြစ်ပေါ်

တောင်ငူမြို့အတွင်း ရေကြီးနေစဉ် မြန်မာနိုင်ငံမိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ညနေ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့  မှာ ၅၈၈ စင်တီမီတာသို့ရောက်ရှိနေပြီး နောက် ၄၈ နာရီ အတွင်း တောင်ငူမြို့ ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


အလားတူ သံလွင်မြစ်ရေဟာ ဘားအံမြို့ မှာ ၈၄၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် ၉၂ စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေကြောင်း နောက် ၃ ရက်အတွင်း ဘားအံမြို့ ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်မှုကြောင့် ဘားအံမြို့ မှာတော့ လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းက အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ၀င်ပြီး ကယ်ဆယ်ရေးစခန်း ၄ ခုလောက် ဖွင့်ထားရတယ်လို့ ဘားအံမြို့ ခံတွေက ပြောပါတယ်။ ဘားအံမြို့ ရဲ့ မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ နဲ့ ၂ ရပ်ကွက်မှာ ရေတွေမြုပ်နေပြီး ဘုန်းကြီးကျောင်းတွေ၊ ဘောလုံးကွင်း၊ အားကစားရုံတွေမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားရတယ်လို့ မြို့ ခံတဦးက ပြောပါတယ်။ “ရေမြုပ်တာက ဘုရားမှာ အိမ်ထောင်စု ၄၀ ရှိတယ်တဲ့။ ဘောလုံးကွင်းမှာ ၇၀ ရှိတယ်တဲ့။ အားကစားရုံမှာကျတော့ အိမ်ထောင်စု ၉၀ တဲ့။ များတယ်။ ရေက ရုတ်တရက် တက်လာတာ။ ခါတိုင်းက နည်းနည်း တက်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်က များများ တက်လာတာ။ အစားအသောက်တွေက ဆီပေးတယ်၊ ဆန်ပေးတယ်၊ ကြက်ဥပေးတယ်၊ မားမားခေါက်ဆွဲပေးတယ်၊ အင်္ကျီအ၀တ်အစားတွေလည်း ပေးတယ်တဲ့။ ဌာနဆိုင်ရာတွေ လာပေးတာ။” ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ မှာ ၇၁၉ စင်တီမီတာကို ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် ၆ လက်မခန့်ကျော်လွန်နေပြီး ဩဂုတ်လ ၂ ရက်မွန်းတည့်ထိ မြို့ ရဲ့စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာအထက်မှာ ဆက်တည်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ဧရာဝတီတိုင်းမှာ င၀န်မြစ်ရေတက်ပြီး ငါးသိုင်းချောင်းမြို့ မှာ ၁၁၅၃ စင်တီမီတာသို့ ရောက်နေတာကြောင့် စိုးရိမ်ရေမှတ်အထက် ၁၀ လက်မနီးပါး ကျော်လွန်နေပြီး ဩဂုတ် ၂ ရက်နေ့ထိ မြို့ ရဲ့စိုးရိမ်ရေမှတ် ၁၁၃၀ စင်တီမီတာ အထက်မှာ ဆက်တည်ရှိမယ်လို့ ဆိုပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ အားကောင်းနေကြောင်းလည်း
 ကြေညာထားပါတယ်။ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့  မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်း
 မြို့ တွင်းရေလွှမ်းမှုဖြစ်ပွားပြီး အခုအချိန်အထိ ရေမကျသေးဘူးလို့ မြို့ ခံတဦးက ပြောပါတယ်။ 

ref:myitmakha 

No comments:

Post a Comment