ပုပ်သိုးဆွေးမြေ့နေသည့်
ရုပ်အလောင်းများကို တင်ဆောင်ကာ ဂျပန်ကမ်းခြေသို့ တဖွဲဖွဲ ဆိုက်ရောက်လာသည့်
ပိုင်ရှင်မဲ့ လှေများနှင့် ပတ်သက်၍ အာဏာပိုင်များက ဖြေရှင်းရန်
ခက်ခဲနေဆဲဟု သိရသည်။
ပြီးခဲ့သည့်
နှစ်လအတွင်း ဂျပန်ပင်လယ်ဖက်မှ မျောပါလာသည့် သစ်သားလှေ ၁၂ စီးထက်မနည်း
ကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လှေများထဲတွင် တင်ဆောင်လာသည့်
အရာများက စက်ဆုပ်ခြောက်ခြားစရာ
ဖြစ်နေပြီး ပုပ်သိုးပျက်စီးနေသည့် အလောင်း ၂၂ လောင်းဖြစ်သည်။
ဂျပန်ကမ်းခြေစောင့်တပ်
တာဝန်ရှိသူ တစ်ဦးက အလောင်းအားလုံးမှာ တစ်ဝက်တစ်ပျက်ပင်
အရိုးကျနေပြီဖြစ်ပြီး နှစ်ဦးမှာ ဦးခေါင်းများ မရှိတော့ဟု ပြောကြားခဲ့သည်။
လှေတစ်စီးပေါ်တွင်မူ ဦးခေါင်းခွံ ခြောက်လုံးကို
တွေ့ခဲ့ရကြောင်းလည်း
၎င်းက ဆိုသည်။ ပထမဆုံးလှေကို အောက်တိုဘာလက စတင်တွေ့ရှိပြီး နောက်ပိုင်းတွင်
အခြားလှေများ ရက်ခြားပြီး ထပ်ရောက်လာခြင်း ဖြစ်သည်။
ဂျပန်ရဲတပ်ဖွဲ့နှင့်
ကမ်းခြေစောင့် တပ်ဖွဲ့သည် အဆိုပါ လှေများ၏ မူလရင်းမြစ်ကို
အဖြေမရှာနိုင်သေးသလို လှေပေါ် ပါလာသူများ အနေဖြင့် မည်သည့် ကြမ္မာဆိုးမျိုး
ကြုံခဲ့သည်ကို မခန့်မှန်းနိုင်သေးချေ။ လတ်တလောတွင် အဆိုပါ လှေများသည်
မြောက်ကိုရီးယားမှ ခရီးစတင်ခဲ့သည်ဟုသာ မရေမရာ ခန့်မှန်းထားနိုင်သည်။