Tuesday 1 December 2015

ထောက်ခံချက် မရှိဘဲ ထုတ်လုပ်သည့်မန္တလေးမြို့မှ ရေသန့်လုပ်ငန်း(၉)ခုအားလုပ်ငန်းပိတ်သိမ်း

မန္တလေးမြို့တော်စည်ပင်သာယာမှ ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းများ မှ သောက်ရေသန့် နမူနာ များရယူ စစ်ဆေးခဲ့ရာ ထောက်ခံချက်မရရှိဘဲ ထုတ်လုပ်နေသည့် အမှတ်တံဆိပ်များကို ဒီဇင်ဘာ ၁-ရက်နေ့ကစပြီး လုပ်ငန်းပိတ်သိမ်းလိုက်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၉) ဒေါက်တာ သွင်ကျော်ကျော်မှ ပြောသည်။
စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ကုန်သွယ်မှုမြင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီတို့ ပူးပေါင်း စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

“မဟာအောင်မြေ၊ပြည်ကြီးတံခွန်၊အောင်မြေသာစံမြို့နယ်တွေမှာ သောက်ရေသန့် နမူနာယူပြီး စစ်ဆေး ခဲ့တယ်။အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌနက ထောက်ခံချက်ရမထားဘူး။ အဲဒီလုပ်ငန်း လုပ်တာကို ပိတ်သိမ်းလိုက်တယ်။”ဟု ၄င်းကပြောသည်။

လုပ်ငန်းပိတ်သိမ်းလိုက်သည့် သောက်ရေသန့်လုပ်ငန်းများနှင့် အမှတ်တံဆိပ် များမှာ Dragon (မြ၀တီမင်းကြိးလမ်းနှင့် ကျွဲဆည်ကန်လမ်း)Shawe Myanmar (မြ၀တီ မင်းကြီးလမ်းနှင့်ဝေသာလီလမ်းကြား)၊-Skyline (မြ၀တီမင်းကြီးလမ်း)၊Clean (၅၉-လမ်း၊ပြည်ကြီးတံခွန်)-Good Luck (နန်းရှေ့)၊ဧရာဦး(ရွေပဒေသာလမ်း)၊နဒီရေသန့်ရေခဲ(သာယာဝတီမင်းကြီးလမ်း)၊ ဆန္ဒပြည့်(စံပြလမ်းနှင့်သခင်ဖိုးလှကြီးလမ်း)၊ လမင်းသာ(မင်္ဂလာတံတားအနီး)၊ တို့ဖြစ်ကြောင်းသိရသည်။

“ကျန်းမာရေးအတွက် သောက်ရေသန့်က အရေးကြီးတယ် လေ။တချို့ရေသန့်ဆိုပြီး ရောင်းနေကြ တာကို သောက်တဲ့သူတွေကတော့ ယုံယုံကြည်ပါ။ထုတ်လုပ်တဲ့ သူတွေဘက်က မလိမ်ညာဘဲ တကယ့်အစစ်အမှန်ကို ရောင်းသင့်တယ်။”ဟု မြို့ခံတစ်ဦးကပြောသည်။

ယင်းကဲ့သို့ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးထောက်ခံချက်မရှိဘဲ ကောင်းမွန်သည့် ထုတ်လုပ် မှုနှင့် အညီ ဆောင်ရွက်ခြင်းမရှိသောကြောင့် မြို့တော်စည်ပင်မှ၂၀၁၅-ဒီဇင်ဘာ ၁-ရက်မှ စတင်ကာ လုပ်ငန်းပိတ်သိမ်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment