Monday 1 February 2016

အိပ်ခ်ျအိုင်ဗွီနှင့် ပြင်းထန်ဆေးယဉ်ပါး တီဘီလူနာများအား ကုသရန် နယ်စည်းမထား ဆရာဝန်များ အဖွဲ့နှင့် ကျန်းမာရေး ၀န်ကြီးဌာန ဆွေးနွေး

အိပ်ခ်ျအိုင်ဗွီနှင့် ပြင်းထန်ဆေးယဉ်ပါး တီဘီလူနာများအား ဆေးကုသမှုပေးရန် နယ်စည်းမထား ဆရာဝန်များ အဖွဲ့နှင့် ကျန်းမာရေး ၀န်ကြီးဌာန ဆွေးနွေးနေကြောင်း သိရသည်။

ပြင်းထန်ဆေးယဉ်ပါး တီဘီ ကုသသည့် ဆေးသည် ဆေးအာနိသင် ပြင်းထန်ပြီး ဘေးထွက်ဆိုးကျိုးများသည့်အတွက် အိပ်ခ်ျအိုင်ဗွီနှင့် ပြင်းထန်ဆေးယဉ်ပါး တီဘီတွဲဖက် ဖြစ်ပွားနေသူများအား ကုသပေးရန် မည်သည့်ဆေးကုသမှု ပုံစံ၊ စနစ်၊ ကုထုံးများဖြင့် ကုသပေးသင့်သည်ကို ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

"ပြင်းထန်ဆေးယဉ်ပါး တီဘီကုသမှုတွေကို အမျိုးသားတီဘီ တိုက်ဖျက်ရေး စီမံကိန်းကပဲ လုပ်ပေးနေတာပါ။ ကျွန်တော်တို့ ဘက်မှာရှိတဲ့ အိပ်ခ်ျအိုင်ဗွီနဲ့ ပြင်းထန်ဆေးယဉ်ပါး တွဲဖြစ်နေတဲ့သူတွေကို ကုပေးဖို့ လက်ရှိမှာ ဆွေးနွေးနေတယ်။ အခု တွေ့ထားတာကတော့ ပြင်းထန်ဆေးယဉ်ပါး (XDR-TB) ဖြစ်နေတဲ့သူရော၊ ပြင်းထန်တဲ့ အခြေအနေ မရောက်ခင် (Pre XDR-TB) လူနာတွေပေါ့။ အဲဒီပြင်းထန်ဆေးယဉ်ပါး တီဘီဆေးက ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတယ်ဆိုတော့ သူတို့တွေကို ဘယ်လိုဆေးနဲ့ ဘယ်လိုကုမလဲဆိုတာတွေကို ဆွေးနွေးနေပါတယ်" ဟု နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) မှ ဒုတိယကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာဘုန်းသစ်က ပြောကြားသည်။



မြန်မာနိုင်ငံတွင် ပြင်းထန်ဆေးယဉ်ပါး တီဘီဖြစ်ပွားနေသည်ဟု သံသယရှိလူနာ အများအပြား ရှိနေသော်လည်း ယင်းရောဂါ ဟုတ်/ မဟုတ် ပြည်တွင်း၌ စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ရောဂါကို အတိအကျ အတည်ပြုနိုင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ပြင်းထန်ဆေးယဉ်ပါး တီဘီဖြစ်ပွားမှုရှိ၊ မရှိစစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း မရှိသေးဘဲ ပြည်ပနိုင်ငံများသို့သာ နမူနာပစ္စည်း ပေးပို့စစ်ဆေးနေရပြီး ယင်းကဲ့သို့ ပေးပို့စစ်ဆေးရာတွင်လည်း လူနာအနေဖြင့် နမူနာပစ္စည်း ထုတ်ယူရန် (သလိပ်ထုတ်ရန်) သတ်မှတ်ချိန်အတွင်း ပြည်တွင်းရှိ ဓာတ်ခွဲခန်းများသို့ မလာရောက်နိုင်ခြင်း၊ ပေးပို့စစ်ဆေးရာတွင် ကုန်ကျစရိတ် များပြားခြင်းစသည့် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ပြင်းထန်ဆေးယဉ်ပါး တီဘီဆိုသည်မှာ ဆေးယဉ်ပါး တီဘီလူနာများ အနေဖြင့် ဆေးကုသမှု အပြည့်အ၀ (လ ၂၀ ပြည့်သည် အထိ) ကို ခံယူမှု မရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်လိုက်ခြင်းကြောင့် ကုသရန် ပိုမိုခက်ခဲသည့် ပြင်းထန်ဆေးယဉ်ပါး တီဘီထပ်မံဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ပြင်းထန်ဆေးယဉ်ပါး တီဘီဖြစ်ပွားပါက ကာလတိုအတွင်း အသက်ဆုံးရှုံးရမှုများနှင့် ရင်ဆိုင်ရလေ့ရှိကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံတွင် ဆေးယဉ်ပါးတီဘီ ကုသမှု မအောင်မြင်ခဲ့သည့် လူနာအများအပြား ရှိနေကြောင်း သိရသည်။

၂၀၁၅ ခုနှစ်အတွင်းက ကျန်းမာရေးဝန်ကြီး ဌာန၏ အမျိုးသားတီဘီ တိုက်ဖျက်ရေး စီမံချက်မှ ပြင်းထန်ဆေးယဉ်ပါး တီဘီကုသမှုများ စတင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီလူနာသစ်များမှာ နှစ်စဉ် ၉၀၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ၂၀၁၄ ခုနှစ်တွင် ဆေးယဉ်ပါး တီဘီလူနာ ၁၅၃၇ ဦးကိုသာ ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း၊ ဆေးကုသမှု ကုန်ကျစရိတ်မှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၄၀၀၀ မှ ၅၀၀၀ အထိရှိကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment