Monday 1 February 2016

တရုတ်ထိန်းချုပ်ထားရာ ကျွန်းများအနီး အမေရိကန်စစ်သင်္ဘော ခုတ်မောင်းမှုအပေါ် တရုတ်တွင် ဝေဖန်မှုများထွက်ပေါ်

တရုတ်က ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားရာ ကျွန်းစုများအနီးသို့ အမေရိကန်စစ်သင်္ဘောတစ်စီး ဖြတ်သန်းခုတ်မောင်းခဲ့ခြင်းအပေါ် တရုတ်အစိုးရအနေဖြင့် အလေးအနက်တုံ့ပြန်သင့်ကြောင်း ပြည်တွင်း၌ တောင်းဆိုမှုများ
မြင့်တက်လာခဲ့သည်။

ဇန်နဝါရီ ၃၀ တွင် အမေရိကန်ရေတပ်၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော USS Curtis Wilbar သည် တောင်တရုတ်ပင်လယ်အတွင်း၊ တရုတ်ရေတပ်ထိန်းချုပ်ထားရာ ထရွန်တန်ကျွန်းအနီး ရေမိုင် ၁၂ မိုင်အကွာမှ ဖြတ်သန်းခုတ်မောင်းခဲ့သည်။ အဆိုပါ ခုတ်မောင်းမှုကို အမေရိကန်က တရုတ်ထံ ကြိုတင်အသိပေးမှု မရှိခဲ့ချေ။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ ရေပိုင်နက်အားလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်းကြေညာကာ ကျွန်းများပေါ်တွင် စစ်စခန်းများ ဖြန့်ကျက်ဆောက်လုပ်ထားသော်လည်း အမေရိကန်က ယင်းကို အသိအမှတ်မပြုသလို
နိုင်ငံတကာရေပိုင်နက်အဖြစ်သာ သတ်မှတ်ပြီး စစ်သင်္ဘောများ စေလွှတ်လေ့ရှိသည်။
တရုတ်မှ South China Morning သတင်းစာက အဆိုပါဖြစ်ရပ်အပေါ် “ဒါဟာ အမေရိကန်က ရန်စတာပဲ။ ပြီးတော့ တရုတ်အနေနဲ့ ကိုယ့်ရဲ့အချုပ်အခြာပိုင်ဆိုင်မှုကို ဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတဲ့အပေါ် ဗြောင်ကျကျ စိန်ခေါ်လိုက်တာပဲ” ဟု ဝေဖန်ရေးသားခဲ့သည်။ ထို့အပြင် တရုတ်အစိုးရက အရေးတယူမတုံ့ပြန်လျှင် နောက်ထပ်အလားတူ ရန်စမှုများ ရှိလာမည်ဟုလည်း သတင်းစာက ဆိုသည်။ အလားတူပင် တရုတ်အင်တာနက်သုံးစွဲသူများအကြားတွင်လည်း ယင်းကိစ္စအပေါ် ဆွေးနွေးငြင်းခုံမှုများ ရှိနေသည်။ တရုတ်ရေတပ်တာဝန်ရှိသူတစ်ဦးကမူ အမေရိကန်၏လုပ်ရပ်သည်
ဒေသတွင်းငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးခဲ့သည်။


အမေရိကန်ကမူ အဆိုပါဖျက်သင်္ဘော ခုတ်မောင်းမှုသည် နိုင်ငံတကာရေကြောင်းသွားလာမှု လွတ်လပ်စွာရပ်တည်ခွင့် ကိုပြသခြင်းဟု တုံ့ပြန်ခဲ့သည်။
“ဒီဒေသမှာ ရေပိုင်နက်ပိုင်ဆိုင်ခွင့်အတွက် တရုတ်၊ တရုတ်ထိုင်ပေနဲ့ ဗီယက်နမ်တို့ကြား အငြင်းပွားနေတာပါ။ တရုတ်အနေနဲ့ ဘယ်လိုပဲအရေးဆိုနေပါစေ ရေပိုင်နက်ဒေသပိုင်ဆိုင်မှုမှန်ကန်ကြောင်းနိုင်ငံတကာအဆင့်စံနှုန်းသက်သေတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်” ဟု ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရအရာရှိ ဘီလ်အာဘန်က ပြောဆိုသွားသည်။
Ref: TIME

No comments:

Post a Comment