Monday 1 February 2016

ကျောက်မီးသွေး အသုံးပြုမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည့် မွန်ပြည်နယ်ရှိ ဘိလပ်မြေစက်ရုံကို စောင့်ကြည့်မည်

စက်ရုံလည်ပတ်ရာတွင် ကျောက်မီးသွေး အသုံးပြုမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေ စက်ရုံကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး အရပ်ဘက် မဟာမိတ်အဖွဲ့(MATA)မှ သိရှိရသည်။
ထိုင်းဘတ်ငွေ သန်း ၁၂၀၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါ MCL ဘိလပ်မြေ စက်ရုံသည် တစ်ရက်လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ ခန့် ထုတ်လုပ်သွားမည်ဖြစ်ကာ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် လုပ်ငန်း စတင် လည်ပတ်သွားမည်ဖြစ်ပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားကို အသုံးပြုမည့် သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီစက်ရုံက မကြာခင် လည်ပတ်တော့မယ်။ ကျွန်တော်တို့ MATA အဖွဲ့အနေနဲ့ အခုချိန်မှာ ဒီကုမ္ပဏီကို စောင့်ကြည့်ရေး လုပ်ငန်းလုပ်ဖို့ စီစဉ်နေကြတယ်။ စက်ရုံမလည်ပတ်ခင် ကျွန်တော်တို့အဖွဲ့ လှုပ်ရှားမှု စတင်နိုင်မှာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) ကျိုက်မရောမြို့နယ်၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအေးသိန်းက ပြောသည်။

ကျိုက်မရောမြို့သည် နှစ်စဉ် ရေလွှမ်းမိုးသည့် ဧရိယာဖြစ်ခြင်း၊ ကျိုက်မရော ဒေသခံများနှင့် မော်လမြိုင် ဒေသခံ များသည် အထ္ထရံမြစ်ရေကို အသုံးပြုရခြင်းကြောင့် MCL ဘိလပ်မြေ စက်ရုံမှ ကျောက်မီးသွေး အသုံးပြု၍ လျှပ်စစ် လည်ပတ်မည်ဆိုပါက အဆိုပါစက်ရုံမှ စွန့်ပစ်ရေများသည် ရေလွှမ်းမိုးသည့် အခါ အထ္ထရံမြစ်အတွင်းသို့ စီးဝင်၍ ဒေသခံများအပေါ် သားစဉ်မြေးဆက် ထိခိုက်မှု ရှိလာနိုင်ကြောင်း ဦးအေးသိန်းက ပြောသည်။

အဆိုပါစက်ရုံ စတင်တည်ဆောက်စဉ် အချိန်ကတည်းက ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းမှု မရှိခဲ့ဘဲ စက်ရုံလည်ပတ်ချိန်တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားကို အမှန်တကယ် အသုံးပြု၊ မပြုကို စက်ရုံအနေဖြင့် ရှင်းလင်းခြင်း ပြုလုပ်ရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။
ဘိလပ်မြေစက်ရုံ လုပ်ငန်းလုပ်ကိုင်မှုနှင့် ပက်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC)၏ ၂၀၁၃ ခုနှစ် မေ ၇ ရက် ခွင့်ပြုမိန့်အရ သဘောတူစာချုပ် ချုပ်ဆို၍ စက်ရုံတည်ဆောက်ခြင်း ဖြစ်ပြီး မည်ကဲ့သို့ စာချုပ်ချုပ်ဆိုထားသည်ကို ပြည်နယ်အစိုးရ အနေဖြင့် မသိရှိကြောင်း မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးနိုင်လဝီအောင်က ပြောသည်။

“ကျွန်တော် ပြည်နယ်လျှပ်စစ်ဝန်ကြီး အနေနဲ့ လျှပ်စစ်ဓာတ်အားကို မော်လမြိုင်မြို့က သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်နေတဲ့ Myanmar Lighting (IPP) ကုမ္ပဏီကနေ ယူဖို့ပြောတယ်။ ဒီစက်ရုံက ဓာတ်အားတွေ ပိုနေလို့ တခြား တိုင်းနဲ့ပြည်နယ်ကို ရောင်းနေရတယ်။ စက်ရုံက ပြန်ပြောတာက ဒီစက်ရုံက လျှပ်စစ်ယူရင် ဒေါ်လာ နောက်ထပ် တစ်သန်းလောက် MIC ကို ထပ်တင်ရမယ်။ ဒါနဲ့ကျွန်တော်က ခင်ဗျားတို့ ဘာနဲ့ လုပ်မလဲမေးတော့ ကျွန်တော်တို့ ဟိုမှာ တင်ထားတဲ့အတိုင်း လုပ်မယ်လို့ ပြောတယ်။ ခင်ဗျားတို့ ကျောက်မီးသွေးနဲ့လုပ်ဖို့ သတင်းထွက်နေတယ်လို့ ကျွန်တော်ပြောတော့ သူတို့ အစီစဉ်အတိုင်း လုပ်မယ်လို့ ပြောတယ်” ဟု ဦးနိုင်လဝီအောင်က ပြောသည်။

အဆိုပါစက်ရုံကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင် တည်ဆောက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ် ကျင်းပသည့် ၁၂ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် စက်ရုံတည်ဆောက်မှုမှာ ၅၂ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း ဆွေးနွေးထားသည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment