Monday 1 February 2016

ဈေးဝယ်သူမလိုချင်လို့ထားခဲ့တဲ့ ထီလက်မှတ်နဲ့ ကန်ဒေါ်လာ ၇ သန်းဆုပေါက်တဲ့ စတိုးဆိုင်ဝန်ထမ်း

ဈေးဝယ်သူ မလိုချင်လို့ ထားခဲ့တဲ့ ထီလက်မှတ်ကို ၀ယ်ယူခဲ့တဲ့ စတိုးဆိုင် ၀န်ထမ်းတစ်ဦးဟာ အမေရိကန်ဒေါ်လာ ၇ သန်းဆု ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Falls Church မြို့က စတိုးဆိုင် ၀န်ထမ်း မိုက်ကယ်ဒွန်နယ်လီဟာ သူ့သဘောနဲ့ သူဆိုရင် Cash4Life ထီ လက်မှတ်ကို ၀ယ်ထိုးဖို့ အစီအစဉ် မရှိပါဘူး။
မိုက်ကယ်ဒွန်နယ်လီဟာ သူတို့ဆိုင်ကို ဈေးလာဝယ်သူအတွက် Powerball ထီလက်မှတ် ငွေပြေစာ ဖြတ်ပေးချိန်မှာ ခလုပ်မှားနှိပ်မိပြီး Powerball ထီလက်မှတ်အစား Cash4Life ထီလက်မှတ်ကို ငွေပြေစာ ဖြတ်ပေးမိခဲ့ပါတယ်။ ဈေးဝယ်လာသူက Cash4Life ထီလက်မှတ်ကို မလိုချင်တဲ့အတွက် မိုက်ကယ်ဒွန်နယ်လီက ငွေပြေစာ ဖြတ်ပြီးသား ထီလက်မှတ်ကို သူ့ဘာသာသူ ယူလိုက်ပါတယ်။

အဲဒီအမှားအယွင်းက သူ့ကို မဟာကံထူးရှင် ဖြစ်စေခဲ့ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ထီဖွင့်ပွဲမှာ သူက ဂဏန်းခြောက်လုံးလုံး တူညီခဲ့ပြီး အမေရိကန်ဒေါ်လာ ၇ သန်းဆု ပေါက်ခဲ့ပါတယ်။ မိုက်ကယ်ဒွန်နယ်လီက ထီဖွင့်တဲ့အချိန်မှာလည်း သူ ထီပေါက်တယ်ဆိုတာ မသိခဲ့ပါဘူး။ ရက်အနည်းငယ်ကြာတော့မှ သူတို့ဆိုင်ကို ဈေးလာဝယ်တဲ့ အမျိုးသမီးတစ်ဦးက ဒီစတိုးဆိုင်က ရောင်းလိုက်တဲ့ ထီလက်မှတ်တစ်စောင် ထီပေါက်ကြောင်း သတင်းကြားတယ်လို့ ပြောတော့မှ မိုက်ကယ်ဒွန်နယ်လီက သူ့ရဲ့ ထီလက်မှတ်ကို ပြန်တိုက်ကြည့်မိတာပါ။

ထီပေါက်ကြောင်း သိပြီးတဲ့နောက်မှာ မိုက်ကယ်ဒွန်နယ်လီက သူ့မိန်းမဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြတော့ သူ့မိန်းမက '' ထီပေါက်တာ အမှန်ဆိုရင်တော့ အိမ်ပြန်ခဲ့ပါ ယောကျာ်းရယ်၊ ကျွန်မ နှလုံးရောဂါ ရသွားနိုင်တယ်လို့'' ပြန်ပြောခဲ့ပါတယ်။ ပြည်နယ်ခြောက်ခုမှာ ဖွင့်လှစ်တဲ့ Cash4Life ထီ အမျိုးအစားမှာ ထီဆုကြီးပေါက်တဲ့ ပထမဆုံး ဗာဂျီးနီးယား ပြည်နယ်သားဖြစ်ခဲ့ပါတယ်။ Cash4Life ထီအမျိုးအစားမှာ ထီဆုကြီး ပေါက်နိုင်ခြေက ၂၁.၈ သန်းပုံ တစ်ပုံပဲ ရှိတယ်လို့ သိရပါတယ်။

Nz (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment