Monday 1 February 2016

အမေရိကန် ရေတပ်သားများကို ဖမ်းဆီးခဲ့သည့် စစ်သားများကို အီရန်အစိုးရ ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်

အီရန်ရေပိုင်နက်ထဲ လမ်းမှားဝင်ရောက်ခဲ့သည့် အမေရိကန်ရေတပ်သားများကို ဖမ်းဆီးခဲ့သည့်စစ်သားများကို အီရန်အစိုးရက ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပါရှန်းပင်လယ်ကွေ့တွင် လှုပ်ရှားနေသည့် အမေရိကန်ရေတပ်မှ လှေငယ်နှစ်စီးစက်ချွတ်ယွင်း
မျောပါပြီး အီရန်ရေပိုင်နက်ထဲ ဝင်ရောက်သွားရာ အီရန်ကမ်းခြေစောင့်တပ်က ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။ သို့သော်လည်း တစ်ရက်မျှအတွင်း အမေရိကန်နှင့်ညှိနှိုင်းကာ အမေရိကန်ရေတပ်သား ၁၀ ဦးစလုံးကို ပြန်လွှတ်ပေးခဲ့သည်။
အီရန်အစိုးရပိုင် Press TVက အစိုးရအဖွဲ့၏နာယကဖြစ်သူ အေယာတိုလာ အလီ ခါမေနီ ကိုယ်တိုင်က အီရန်စစ်သည် ၅ ဦးကို အဆိုပါလုပ်ဆောင်မှုအတွက် ယခုလအစောပိုင်းက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ခါမေနီသည် အမေရိကန်အပေါ် အလွန်စက်ဆုပ်မုန်းတီးသူအဖြစ် လူသိများပြီး ယခုလို ဆုတံဆိပ်များ ပေးအပ်ခြင်းဖြင့် အမေရိကန်အပေါ် ပိုမိုအရှက်ခွဲနိုင်သည်ဟု ယူဆနေဖွယ်ရှိကြောင်းလည်း သိရသည်။

အမေရိကန်ရေတပ်က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ရာ အီရန်အာဏာပိုင်များက အမေရိကန်ရေတပ်သားများကို ထောက်လှမ်းရေးကဏ္ဍဖြင့် ဝင်ရောက်လာခြင်းဟုတ်မဟုတ် မေးမြန်းစစ်ဆေးခဲ့ကြောင်း
ဖော်ပြခဲ့သည်။ ယင်းပြဿနာသည် အမေရိကန်တွင် ဝေဖန်မှုများ ဖြစ်ပေါ်လာစေပြီး အထူးသဖြင့် အတိုက်အခံ ရီပတ်ဘလစ်ကန်တို့က သမ္မတ ဘာရတ်အိုဘားမား၏ အီရန်အရေးနှင့် ပတ်သက်သည့် သဘောထားများ ပျော့ညံ့လွန်းကြောင်း အပြစ်တင်ခဲ့ကြသည်။

အမေရိကန်ရေတပ်သားများကို အီရန်က တစ်ရက်အတွင်း ပြန်လွှတ်ပေးပြီးသည့်နောက် အီရန်နှင့်အမေရိကန် ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့ပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ညွှန်းဆိုခဲ့သော်လည်း အီရန်အစိုးရက ယခုကဲ့သို့ ဆုတံဆိပ်များပေးအပ်ပြီး ၎င်းတို့က သဘောထားကို ပြသလာခြင်း ဖြစ်သည်။
အီရန်၏ နျူကလီးယားအရေးနှင့် ပတ်သက်ပြီး အိုဘားမားဦးဆောင်သည့် အမေရိကန်အစိုးရက သဘောတူစာချုပ်တစ်ရက်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီးနောက် အီရန်နှင့်အမေရိကန် ဆက်ဆံရေးတိုးတက်လာမည်ဟုမျှော်လင့်ခဲ့သော်လည်း လတ်တလောတွင် အားပြိုင်မှုများ သိသိသာသာ အရှိန်လျော့သွားခြင်း မရှိသေးသည်ကို တွေ့ရသည်။
Ref: IB Times

No comments:

Post a Comment