Monday 1 February 2016

စကတည်းက ယဉ်သကို ဖြစ်နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဆီးရီးယားက ရက်စက်ကြမ်းကြုတ်လှတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ အခုအချိန်အထိ အကြီးမားဆုံး တွန်းအားပေးမှုလို့ ဆိုရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အနာဂတ်ဟာ ဇန်န၀ါရီ ၃၁ ရက်မှာ အကြီးအကျယ် မရေမရာ ဖြစ်သွားပုံရပါတယ်။ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စိတ်အားထက်သန်စွာနဲ့ စမယ်မှ မကြံသေး၊ အဓိက အတိုက်အခံအုပ်စုက ဆွေးနွေးပွဲကနေ ထွက်သွားမယ်လို့ ခြိမ်းခြောက်နေပါတယ်။

ဇန်န၀ါရီ ၃၀ ရက် အနှောင်းပိုင်းမှာ ဂျီနီဗာကို ရောက်လာတဲ့ ပင်မအတိုက်အခံအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ရဲ့ အစိုးရအဖွဲ့နဲ့ ဆွေးနွေးဖို့ကို ငြင်းဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့ဟာ ဆီးရီးယားက အဓိက အတိုက်အခံအဖွဲ့တွေကို ကိုယ်စားပြုပါတယ်။


အဆင့်မြင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (HNC) က ဇန်န၀ါရီ ၃၁ ရက်မှာ ကုလသမဂ္ဂ အထူးသံတမန် စတက်ဖင်ဒီမစ်တူရာနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ပိတ်ဆို့ဝန်းရံခံထားရတဲ့ မြို့တွေထဲကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပထမဆုံးရောက်ရှိရေး၊ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေမှု ရပ်စဲရေးနဲ့ ရာနဲ့ချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရေးတွေအတွက် တောင်းဆိုမှာဖြစ်ပါတယ်။


“အစိုးရက ဒီပြစ်မှုတွေကို ဆက်ပြီးကျူးလွန်နေတာနဲ့ ပတ်သက်ပြီး အခိုင်အမာ ရပ်တည်နေမယ်ဆိုရင် HNCကိုယ်စားလှယ်တွေ ဂျီနီဗာမှာရောက်နေတာ တရားမျှတမှာ မဟုတ်ပါဘူး”လို့ စေ့စပ်ညှိနှိုင်းရေးမှူး ရီအက်ဟီဂျက်က ဇန်န၀ါရီ ၃၀ ရက်မှာ အွန်လိုင်းကို တင်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ သတိပေးထားပါတယ်။

“ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအနေနဲ့ ဒီလိုချိုးဖောက်နေမှုတွေကို ရပ်တန့်သွားအောင် လုပ်နိုင်စွမ်းမရှိရင် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီမစ်တူရာကို သူ့ရဲ့စေ့စပ် ညှိနှိုင်းရေးအဖွဲ့ကို ရုပ်သိမ်းဖို့ ရည်ရွယ်တာတွေနဲ့ ပတ်သက်ပြီး အကြောင်းကြားရမှာဖြစ်ပါတယ်”လို့လည်း သူက ဆိုထားပါတယ်။

လူသားချင်း စာနာထောက်ထားမှု အနေအထားက ဆိုးဆိုးရွားရွား ဖြစ်နေတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က အစိုးရတပ် ဒါမှမဟုတ် သူပုန်တပ်တွေက ပိတ်ဆို့ထားတဲ့ မြို့ပေါင်း ၁၂ မြို့ထက် မနည်းထဲက တစ်မြို့ဖြစ်တဲ့ မာဒါယာမြို့မှာ နောက်ထပ်လူပေါင်း ၁၆ ဦး အစာငတ်ပြီး သေသွားတဲ့အကြောင်း ဇန်န၀ါ ရီ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အကြီးအကျယ် လိုအပ်နေတဲ့ လူပေါင်း ၄ ဒသမ ၅ သန်းကျော်ဟာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အရမ်းကို ၀င်ထွက်ရခက်တဲ့ နေရာတွေမှာ နေထိုင်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ပြောကြားခဲ့ပါတယ်။

ဇန်န၀ါရီ ၂၉ ရက်မှာ ခြောက်လကြာ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစဖို့ ပြင်နေတုန်းမှာ ဂျီနီဗာက ဆန္ဒပြသူတွေက မြက်ပင်တွေနဲ့ သစ်ရွက်တွေကို ပိတ်ဆို့ ၀န်းရံခံထားရတဲ့ စွပ်ပြုတ်ရယ်လို့ သာမန်ဆီးရီးယားနိုင်ငံသားတွေရဲ့ အာမခံချက်ကို မီးမောင်းထိုး ပြခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး လူပေါင်း ၂၆၀,၀၀၀ ထက် မနည်း သေဆုံးခဲ့တဲ့ ဆီးရီးယားစစ်ပွဲဟာ အလွန်ရှုပ်ထွေးတဲ့ ပဋိပက္ခကြီးဖြစ်ပြီး ကွဲပြားခြားနားတဲ့ဘက်တွေ အများကြီး ပါဝင်နေပါတယ်။ ပြည်ပနိုင်ငံတွေ အများကြီးလည်း ပါဝင်နေရာမှာ တူရကီ၊ အီရန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပြင် အနောက်တိုင်းနိုင်ငံတွေလည်း ပါဝင်နေပါတယ်။ စက်တင်ဘာလကစပြီး ရုရှားနိုင်ငံပါ ပါဝင်လာပါတယ်။

တူရကီဟာ ရုရှား ဂျက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး နှစ်လအကြာမှာ တူရကီက ရုရှားက သူ့ဝေဟင်ပိုင်နက်ကို ထပ်ပြီးကျုးကျော်တယ်လို့ ဇန်န၀ါရီ ၃၀ ရက်မှာ ထပြီး ပေါက်ကွဲခဲ့ပြန်ပါတယ်။ ဒါကြောင့် ဆီးရီးယားပဋိပက္ခမှာ ပါဝင်နေတဲ့ ပြည်ပအင်အားကြီးနိုင်ငံတွေ အများကြီးထဲက ရုရှားနဲ့ တူရကီတို့ အကြားမှာ ထပ်မံ ရန်စပွားလာပြန်ပါတယ်။


ဆီးရီးယားက မငြိမ်မသက်မှုတွေကြောင့် အစွန်းရောက် IS အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်က နယ်မြေတွေ အများကြီးကို သိမ်းယူဖို့ အခွင့်သာသွားပြီး အဲဒီကနေ ခြေကုပ်ယူလို့ ကမ္ဘာတစ်လွှားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာပါတယ်။ အထင်ရှားဆုံးကတော့ လူပေါင်း ၁၃၀ သေဆုံးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က ပါရီတိုက်ခိုက်မှုပါပဲ။

ဆီးရီးယား အဓိကအတိုက်အခံအုပ်စုမှ HNC ပြောရေးဆိုခွင့်ရှိသူ ရီအက်နာဆန်အဂ္ဂါ (ယာ-အနောက်) က ဇန်န၀ါရီ ၃၀ ရက်တွင် ဂျီနီဗာသို့ ရောက်ရှိလာစဉ် သတင်းထောက်များအား စကားပြောကြားနေပုံ

ဆီးရီးယားလူဦးရေရဲ့ ထက်ဝက်လောက်က နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး သန်းနဲ့ချီတဲ့လူတွေဟာ အိမ်နီးချင်း နိုင်ငံတွေမှာသာမက ဥရောပတိုက်မှာပါ ဒုက္ခသည်အဖြစ် ခိုလှုံဖို့ ကြိုးပမ်းနေရပါတယ်။ ဥရောပတိုက်မှာ ဆီးရီးယား ဒုက္ခသည်တွေ တဖွဲဖွဲ ၀င်ရောက်လာခြင်းဟာ အဓိက နိုင်ငံရေးနဲ့ လူမှုရေး အကျပ်အတည်းကြီး ဖြစ်လာပါတယ်။

ဇန်န၀ါရီ ၃၀ ရက်မှာ ဆီးရီးယာနိုင်ငံသားတွေ ပါဝင်တဲ့ ရွှေ့ပြောင်းလာသူပေါင်း ဒါဇင်ပေါင်းများစွာဟာ တူရကီကမ်းလွန်မှာ သင်္ဘောနစ်မြုပ်ပြီး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ဥရောပကိုရောက်ရှိဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ၄၀၀၀ နီးပါး ရှိပါတယ်။

ဆက်ပြီး လုပ်ဖြစ်မယ်ဆိုရင် ဆီးရီးယားနိုင်ငံသားတွေအကြား စေ့စပ်ဆွေးနွေးမှုဟာ ပြည်ပက အင်အားကြီးနိုင်ငံတွေအားလုံးက နိုဝင်ဘာ ဗီယင်နာ ဆွေးနွေးပွဲမှာ ရည်မှန်းချက်ကြီးစွာ ချမှတ်ထားတဲ့ လမ်းပြမြေပုံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။

အဲဒီလုပ်ငန်းစဉ်မှာ ရွေးကောက်ပွဲတွေကို ၁၈ လအတွင်း ကျင်းပပေးဖို့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်ထဲမှာ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှမဆုံးဖြတ်ဘဲ ချန်ထားခဲ့ပါတယ်။ စက်တင်ဘာလကစပြီး ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကူအညီ ပေးလာတာမို့ အာဆတ်ရဲ့တပ်တွေဟာ စစ်မြေပြင်တွေမှာ အောင်ပွဲတွေ ရရှိလာပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နောက်ထပ် ခက်ခဲတဲ့ အကြောင်းအရာတစ်ခုကတော့ သူပုန်တွေထဲက ဘယ်အဖွဲ့တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်မလဲဆိုတာပါပဲ။ ဆီးရီးယားအစိုးရအပြင် သူပုန်အဖွဲ့တွေ အားလုံးကတော့ အစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ IS နဲ့ အယ်ကေးဒါးအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အယ်နုဆရာ တပ်ဦးတွေကို ဖယ်ရှားပစ်ဖို့ သဘောတူထားကြပါတယ်။

အခု HNC ထဲမှာ ပါဝင်တဲ့ အဖွဲ့တွေထဲ မှာ အယ်နုဆရာတပ်ဦးနဲ့ ဆက်နွှယ်နေတာမို့ အငြင်းပွားဖွယ် အကောင်းဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်နေတဲ့ အာရာအယ်ရှမ်းအဖွဲ့ကတော့ ဂျီနီဗာ ဆွေးနွေးပွဲမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ HNC ပြောရေးဆိုခွင့်ရှိသူ ရီအက်နာဆန်အဂ္ဂါက ပြောကြားခဲ့ပါတယ်။

သူပုန်အဖွဲ့တွေထဲမှာ အင်အားကောင်းတဲ့ စစ်တပ်ရှိတဲ့ အယ်အစ္စလာမ်အဖွဲ့ ရောက်ရှိနေပြီး စေ့စပ်ညှိနှိုင်းရေးမှူး တစ်ဦး ပါဝင်တယ်လို့ အဂ္ဂါက သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ HNC စေ့စပ်ညှိနှိုင်းရေး အကြီးအကဲနဲ့ အယ်အစ္စလာမ်အဖွဲ့ရဲ့ စစ်တပ်ကိုယ်စားလှယ် မိုဟာမက်အယ်လူရှာကတော့ အခုထိ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။


“အဆိုးဘက်ကိုမြင်ဖို့ အကြောင်းပြချက်တွေ နေရာတိုင်းမှာရှိနေပါတယ်။ အောင်မြင်မှုတစ်ခုဆီ ရောက်ရှိဖို့ လက်တွေ့ကျတဲ့ ဇာတ်ညွှန်းတစ်ခု ရှိမနေပါဘူး”လို့ ပါရီမြို့အခြေ စိုက် အပြည်ပြည်ဆိုင်ရာနဲ့ မဟာဗျူဟာဆိုင်ရာ ဆက်ဆံရေးဌာနက ကာရင်ဘီတာက ပြောပါတယ်။

အခုသီတင်းပတ်အကုန်မှာ စတင်လိုက်တဲ့ ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဆီးရီးယားနိုင်ငံရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွား လားရာတွေရော သဘောထားတွေရောက တူညီမှုမရှိပါဘူး။

ဆီးရီးယား အစိုးရ၊ IS နဲ့ အယ်နုဆရာတို့ ပါဝင်တဲ့ အစွန်းရောက်အဖွဲ့တွေနဲ့ သဘောထား အလယ်အလတ်ရှိတယ်လို့ ဆိုရမယ့် သူပုန်အဖွဲ့တွေရဲ့ သုံးပွင့်ဆိုင် အားပြိုင်မှုသာ မကတော့ဘဲ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ အာဆတ်ကို အကာအကွယ်ပေးလိုတဲ့ ရုရှားတို့ရဲ့ အားပြိုင်မှုပါ ဖြစ်လာတာ မို့ ဆီးရီးယားငြိမ်းချမ်းရေးကတော့ အလှမ်းဝေးလျက် ရှိနေဆဲပါပဲ။
Eleven Media Group

No comments:

Post a Comment