Monday 1 February 2016

ယခုနှစ် နွေရာသီတွင် အယ်နီညို ဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု၌ ပုံမှန်ထက် ပိုမို ပူပြင်းနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ယခုနှစ် နွေရာသီတွင် အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု၌ ပုံမှန်ထက် ရာနှုန်းပြည့် ပိုမို ပူပြင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် တစ်ပြည်လုံးတွင် ပျမ်းမျှအပူချိန် (ပုံမှန်အပူချိန်) ထက် ပိုနိုင်ပြီး သေချာမှု ရာခိုင်နှုန်း အနေဖြင့် ရာခိုင်နှုန်း ၆၀ မှ ရာခိုင်နှုန်း ၇၀ အထိရှိသည့် ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ‌လေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (‌မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့ ဖြစ်ကြပြီး ပိုမိုပူပြင်းရန် ရာခိုင်နှုန်း ၇၀ မှ ၁၀၀ ရာခိုင်နှုန်းအထိ သေချာမှုရှိသည့် ဒေသများသည် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် မိုးရာသီအတွင်း မိုးရွာသွန်းမှုများ အနေဖြင့် တစ်ပြည်လုံးတွင် ရွာသွန်းမြဲ မိုးရေချိန်အောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (‌မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၃၀ အထိ လျော့နည်းနိုင်ကာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ပုံမှန် မိုးရွာသွန်းမှုထက် ရာခိုင်နှုန်း ၅၀ လျော့နည်းနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရာခိုင်နှုန်း ၆၀ အထိ မိုးရွာသွန်းမှု လျော့နည်းနိုင်ကြောင်းလည်း မိုးဇလမှ ခန့်မှန်းထားသည်။
“ဒီနှစ်က အယ်လ်နီညိုနှစ်ဆိုတော့ ကြိုတင် ကာကွယ်ထားတာ အကောင်းဆုံးပဲ။ အရင်တုန်းက ဖြစ်ခဲ့တဲ့ အချက်အလက်တွေအရ အယ်လ်နီညိုဖြစ်ခဲ့တဲ့ နှစ်တွေမှာ ပိုပြီးပူတဲ့ အနေအထားတွေ ရှိတယ်။ သဘာဝဘေးက ရှောင်လွှဲလို့ မရဘူး။ ဒါကြောင့် ကြိုတင် ပြင်ဆင်သင့်တယ်။ ပထမဆုံး ဖြစ်နိုင်တာက သောက်သုံးရေ အခက်အခဲ၊ ပြီးရင် စိုက်ပျိုးရေ၊ ရေရှားပါးလာတဲ့အတွက် ချောင်းတွေ၊ မြောင်းတွေမှာ ရေစီးဆင်းမှု နည်းလာရင် လျှပ်စစ် အခက်အခဲတွေ၊ ကျန်းမာရေး ဆိုင်ရာတွေအတွက် ကြိုတင်ပြင်ဆင် ထားသင့်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
ထို့ကြောင့် ယခုနှစ် နွေရာသီ ကာလများတွင် အယ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း၊ နွေရာသီတွင် အပူချိန် မြင့်မားခြင်း စသည့် ရာသီဥတု အ‌ခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး ပူပြင်း‌ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းနှင့် အပူကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်သဖြင့် စိုက်ပျိုးရေး၊ အစားအစာ ဖူလုံရေး၊ စိုက်ပျိုးရေ ရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေ ဖူလုံရေး၊ လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်းသွားလာရေး၊ ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့တွင် အအေးပိုခဲ့သော်လည်း မြောက်ပိုင်းဒေသများတွင် ဖေဖော်ဝါရီ လဆန်းပိုင်းအထိ အအေးပိုနိုင်ပြီး တောင်ပိုင်းဒေသများတွင် အအေးလျော့ကျသွားမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
“မိုးကတော့ လျော့သွားမယ် မြောက်ပိုင်းနဲ့ တနင်္သာရီဘက်မှာတော့ နည်းနည်းရွာနိုင်သေးတယ်။ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းက ဆင်းလာတဲ့ ဒီဘက်က ဘင်္ဂလား ပင်လယ်ဘက်က တက်တဲ့ တိမ်တိုက်တွေနဲ့ လေအေးနဲ့ လေနွေးတွေဆုံပြီး မိုးရမယ်။ ကချင်ရယ်၊ ရှမ်းရယ် တနင်္သာရီရယ်မှာ မိုးဆက်ရနိုင်တယ်။ လဆန်းလေးငါးရက်လောက်အထိ မိုးရမယ်။ အအေးကလဲ တော်တော်များများက အအေးပေါ့သွားပြီ ချင်း၊ ကချင်၊ ရှမ်းမြောက်တို့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ လဆန်းပိုင်းအထိ အေးနေအုံးမယ်။ တောင်ပိုင်းတွေကတော့ အအေးလျော့နေပြီ နောက်လမှာ တနင်္လာရီနဲ့ မွန်က ပုံမှန် အပူချိန်ထက် ပိုနိုင်တယ်။ ကျန်တာတွေကတော့ ပုံမှန်အပူချိန်အတိုင်း ရှိနိုင်တယ်။ တရုတ်ဘက်ကလာတဲ့ လေဖိအားကြီး ရပ်ဝန်းက မြန်မာနိုင်ငံဘက်ကို တိုးဝင်နေပေမယ့်၊ ဘင်္ဂလား ပင်လယ်အော်က တိမ်တိုက်တွေကြောင့် အေးသင့်သလောက် မအေးဘဲ အအေးလျော့သွားတာ ဖြစ်တယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလလယ်အတွင်း အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East-Central Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် အားကောင်းသော အယ်နီညို ဖြစ်ပေါ်နိုင်သည့် အဆင့်အထိ ပူနွေးခဲ့ကြောင်း၊ အဆိုပါ ပစိဖိတ် သမုဒ္ဒရာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ၊ ၂၀၁၆ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလအထိ ၃ လ ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် အားအကောင်းဆုံး အယ်နီညို အဆင့်သို့ ရောက်ရှိအောင် ပူနွေးနိုင်သဖြင့် ၁၉၅၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော အယ်နီညို ဖြစ်စဉ်များအနက် အားအ‌ကောင်းဆုံး ဖြစ်ခဲ့သည့် (၁၉၇၂-၁၉၇၃)၊ (၁၉၈၂-၁၉၈၃) နှင့် (၁၉၉၇-၁၉၉၈) ခုနှစ်တို့ထက် ပိုမိုအားကောင်းသော အယ်နီညို (Very Strong El-Nino) ဖြစ်လာနိုင်ကြောင်း၊ အယ်နီညိုဖြစ်စဉ်သည် ၂၀၁၆ ခုနှစ် (မတ်-ဧပြီ-‌မေ) လကုန်အထိ ဆက်လက် ဖြစ်ပေါ်နိုင်ပြီး တစ်ဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနများမှ ထုတ်ပြန် အသိပေးထားသည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်တွင် အယ်လ်နီညိုကြောင့် ပုံမှန်ထက် အပူချိန် စံချိန်တင်ခဲ့ကာ မိုးခေါင်ခြင်းကိုလည်း ကြုံတွေ့ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၉ ခုနှစ်ကို ကျော်လွန်ကာ အပူချိန် စံချိန်တင်ခဲ့ကြောင်း ၂၀၁၀ ပြည့်နှစ်အတွင်း မတ်၊ ဧပြီ၊ မေလများသည် အပူချိန် စံချိန်ကျိုးမှုများ ဖြစ်ပေါ်သည်အထိ စံချိန်တင် ပူပြင်းခဲ့သကဲ့သို့ မိုးရာသီကာနှင့် မိုးလွန်ကာလတို့တွင်လည်း အချို့နေရာများတွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုများပင် ရှိခဲ့ကြောင်းလည်း သိရသည်။
Eleven Media Group

No comments:

Post a Comment