Thursday 3 December 2015

KIA အဖွဲ့မှ ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူသစ်များ အတင်းအကြပ် လိုက်လံဖမ်းဆီး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သည့် သင်တန်း တွင် သင်တန်းသားဦးရေ နည်းပါး သဖြင့် KIA အဖွဲ့မှ ကျေးရွာများအတွင်း လူသစ်များ အတင်းအကြပ်လိုက်လံဖမ်းဆီးနေကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။
ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သောသင်တန်းတွင် တက်ရောက် လျက် ရှိသည့် သင်တန်းသားဦးရေ နည်းပါးသဖြင့် KIAအဖွဲ့မှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဇန်နောင်ယန်ကျေးရွာမှ မောင်ဒေါင်ခွန်း၊ ၂၀ နှစ်နှင့် မောင်ခေါင် လွန်း၊ ၁၉ နှစ်တို့အားလည်းကောင်း၊ မျောမောပါကျေးရွာမှ လူငယ် ၄ ဦးအားလည်းကောင်း လူသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးသွား ကြောင်း မျောမောပါရွာသားတစ်ဦးမှ ပြောပြပါသည်။

“ရွာထဲကို KIA အဖွဲ့တွေရောက်လာတယ်၊ ည ၉ နာရီလောက်မှာရောက် လာတာ၊ ရွာထဲမှာ နာရေးကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့ မောင်ဒေါင်ခွန်းနဲ့ မောင်ခေါင်လွန်းတို့ နှစ်ယောက်ကို လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီး သွားတာ၊ နာရေးဆောင်ရွက်နေတာတောင် လူမှုရေးနားမလည်ဘူး၊ သူတို့အင်အားရဖို့ အတွက်ပဲကြည့် တယ်၊ တစ်ဗို့တည်း သမားတွေ၊ အဖမ်းခံရတဲ့ရွာသား ၂ ယောက်ရဲ့မိသားစုတွေကိုတော့ သနားမိပါတယ်’’ ဟု ဇန်နောင်ယန်ကျေးရွာမှ ရွာသားတစ်ဦးက ပြောပြသည်။

“ရွာကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာတယ်၊ ပြီးတော့ ရွာသားတွေကို လူသစ်အဖြစ် အတင်းလိုက်ဖမ်းတာ၊ ရွာထဲမှာလည်း ဆူညံနေတာပဲဗျာ၊ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်၊ တချို့လည်း ပုန်းနေကြတယ်၊ တချိ့ကတော့ အိမ်အပြင်ကိုတောင် မထွက်ရဲကြဘူးလေ၊ နောက်ဆုံးတော့ လယ်ယာလုပ်ကိုင်ပြီး ပြန်လာ တဲ့ရွာသား ၄ ယောက်ကို လူသစ်အဖြစ် အဓမ္မလိုက်ဖမ်းနေတာ၊ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေတဲ့ ရွာသားတွေကို လူသစ်အဖြစ် ဖမ်းခေါ်သွားတာ၊ KIA က ဖွင့်တဲ့ စစ်သင်တန်းမှာ ဇွတ်အတင်းတက်ခိုင်းဖို့ လိုက်ဖမ်းနေတာ” ဟု မျောမောပါ ရွာသားတစ်ဦးကလည်း ပြောပြသည်။

KIA အဖွဲ့သည် ကျေးရွာများမှ ဒေသခံရွာသားများအား ၎င်းတို့ဖွင့်လှစ်သော စစ်သင်တန်းသို့ တက်ခိုင်း ရန်အတွက် လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေသောကြောင့် တချို့ရွာသားများသည် ချီဖွေမြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်းနှင့် မေခမြစ်အရှေ့ဘက်ရှိ တမူးကျေးရွာ၊ ရှမ်းကျော်ကျေးရွာနှင့် ၀ိုင်းမော်မြို့နယ်ရှိ မဂျန်းယန်းကျေးရွာများတွင် နေထိုင်သော ဒေသခံရွာသူ/ ရွာသားများအား လူသစ်အဖြစ် လိုက်လံဖမ်းဆီး လျက်ရှိကြောင်း သိရသည်။

နော်ဂျာ
Kachin Daily News

No comments:

Post a Comment