Thursday 24 December 2015

“ဝ” နှင့်မိုင်းလားအဖွဲ့တို့ နိုင်ငံရေးဆွေးနွေးပွဲတက်မတက် မဆုံးဖြတ်ရ သေးဟုဆို

'ဝ' ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) နှင့်မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (အမျိုးသားဒီမိုကရေစီမဟာမိတ်-NDAA) တို့က ဇန်နဝါရီလအတွင်းပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ရန်ရှိမရှိကိုမဆုံးဖြတ်ရသေးကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှသိရသည်။
ဒီဇင်ဘာလဒုတိယပတ်အတွင်း 'ဝ' နှင့်မိုင်းလားလက်နက်ကိုင်များကို နိုင်ငံရေးဆွေးနွေးပွဲများတက်ရောက်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ကသွားရောက်ဖိတ်ကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းများက ယင်းသို့တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။ UPWC ဒုတိယဥက္ကဋ္ဌဦးသိန်းဇော်ဦးဆောင်သောအစိုးရအဖွဲ့သည် ဒီဇင်ဘာလ၂၀ရက်နေ့က 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) အခြေစိုက်ရာပန်ဆန်းသို့သွားရောက်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း UWSA ပြည်ပဆက်ဆံရေးဋ္ဌာန ဒုတိယဌာနကြီးမှူးဦးဆမ်ခွန်းကပြောကြားသည်။

“သူတို့လာသွားတယ်၊ နိုင်ငံရေးဆွေးနွေးပွဲတက်ဖို့ကိစ္စကိုလာပြောတာပေါ့နော်၊ ဒါပေမဲ့ကျွန်တော်တို့ဒုဥက္ကဋ္ဌက အဖွဲ့အတွင်းအစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်လို့ရမယ်ဆိုတာကိုပြောလိုက်ပါတယ်” ဟု ၎င်းကဆိုသည်။ အလားတူဒီဇင်ဘာလ၂၂ရက်နေ့ကလည်း မိုင်းလားမြို့ရှိရွှေဟင်္သာဟိုတယ်တွင် UPWC နှင့်မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ NDAA တို့တွေ့ဆုံခဲ့ကြောင်း NDAA ပြန်ကြားရေးဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

“ကျွန်တော်တို့ဘက်က ချက်ချင်းကြီးအကြောင်းပြန်ကြားဖို့ အဆင်သင့်မဖြစ်သေးဘူးလေ”ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဒီဇင်ဘာလ၂၃ရက်နေ့ထုတ် အစိုးရပိုင်ကြေးမုံသတင်းစာတွင် အစိုးရအဖွဲ့ကနိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးစားပွဲဝိုင်း၌ အဖြေရှာကြမည်ဖြစ်သဖြင့် NDAA ကိုနိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်စေလိုကြောင်း UPWC ဒုတိယဥက္ကဋ္ဌဦးသိန်းဇော်ကပြောဆိုခဲ့သည်ဟုဖော်ပြထားသည်။ ထို့အပြင်အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် မည်သည့်အဖွဲ့ကိုမှချန်မထားလိုကြောင်းနှင့် အချို့အဖွဲ့အစည်းများသည် သီးခြားဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကျန်ရှိနေသေးသဖြင့် ကျန်နေရခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA) တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက်ပိုင်း ပေါ်ပေါက်လာသော လူမျိုးစုအခြေပြုလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း အင်အားကြီးသောအဖွဲ့များဖြစ်ကာ အဖွဲ့အစည်းနှစ်ခုအတွင်း မဟာမိတ်ဆက်ဆံရေးကိုလည်း ထူထောင်ထားသည်။ ထို့အပြင် အစိုးရနှင့်ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသောကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးရန်မလိုအပ်ဟုဆိုကာ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးပေ။

သို့သော်လည်း NCA သဘောတူညီချက်အရပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများကို ၂၀၁၆ခုနှစ်ဇန်နဝါရီလ၁၂ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော လက်နက်ကိုင်အဖွဲ့များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ကထုတ်ပြန်ကြေညာထားသည်။

ယခုနှစ်အတွင်း တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားခဲ့သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်-MNDAA) နှင့်ရခိုင့်တပ်မတော် AA တို့ကိုမူ ဖိတ်ကြားရန်အခက်အခဲရှိနေကြောင်း UPWC ထံမှသိရသည်။

The Voice Weekly

No comments:

Post a Comment