Thursday 24 December 2015

ရွှေတောင်မြို့ ဘုရားပွဲတွင် ပလတ်စတစ်ကွင်းပစ် လောင်းကစားသူ နှစ်ဦးကို ဖမ်းဆီး

ရွှေတောင်မြို့တွင် ကျင်းပ နေသော ဆုတောင်းပြည့် ဘုရား ပွဲတော် ပွဲဈေးတန်း၌ ပလတ် စတစ်ကွင်းပစ် လောင်းကစားနေ သူနှစ်ဦးကို ဖမ်းဆီး အရေးယူ ထားကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ပလတ်စတစ်ကွင်းပစ် လောင်းကစား ပြုလုပ်သူများမှာ အသက်(၄၇) နှစ်နှင့် အသက် (၂ရ)နှစ်အရွယ် အမျိုးသားနှစ်ဦး ဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်က ဆုတောင်းပြည့်ဘုရားပွဲဈေးတန်းတွင် အချိုရည်ဘူးများကို ပလတ်စတစ်ကွင်းဖြင့် ပစ်ကာလောင်းကစား ပြုလုပ်နေ၍ ရွှေတောင်မြို့မရဲစခန်းက ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ပလတ်စတစ်ကွင်း တစ် ကွင်းကို ၅၀ ကျပ်နဲ့ ရောင်းပြီး အ ချိုရည်ဘူး အစရှိတာတွေ ထောင် ထားတာကို ပစ်ခိုင်းတယ်။ ပလတ်စတစ်ကွင်း စွပ်မိသွားတဲ့ ဘူးကို ၅၀ ကျပ်နဲ့ ၀ယ်ပစ်သူက ရမယ်။ အများသူငါ သွားလာနေတဲ့ နေရာမှာ ငွေကြေးနဲ့ လောင်းကစားပြုလုပ်နေတာကြောင့် လောင်းကစားဥပဒေပုဒ်မ ၁၂(က)နဲ့ အမှုဖွင့် အရေးယူလိုက်ခြင်း ဖြစ်ပါတယ်’’ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

 ဘုရားပွဲဈေးတန်းတွင် ပလတ်စတစ်ကွင်း ပစ်လောင်း ကစားပြုလုပ်နေသူများထံမှ အချိုရည်ဘူး ၇၀ ၊ ပလတ်စတစ်ကွင်း၁၅၀ ကွင်း၊ ပလတ်စတစ်ခြင်း ခြောက်ခုနှင့် လောင်းကြေးငွေစက္ကူအရောအနှော ၂၀,၁၅၀ ကျပ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

‘‘အချိုရည်ဘူး၊ ဆေးလိပ်ဘူး၊ ဘီယာဘူး အစရှိတာတွေကိုမြေပြင်မှာ ထောင်ထားပြီး ခြောက်ပေအကွာလောက်ကနေ ပလတ်စ တစ်ကွင်းနဲ့ စွပ်အောင်ပစ်ရတဲ့ လောင်းကစားပါ။ အဲဒီ လောင်း ကစားကို တချို့ လူငယ်တွေ လောင်းကစားမှန်းတောင် မသိ ကြဘူး။ ပျော်စရာထင်ပြီး ကစား နေကြတာ။ နယ်ဘုရားပွဲတွေမှာ ဆို အမြဲလိုလို တွေ့မြင်နေရတာ ပဲ။ အခု တစ်ခါပဲ အရေးယူတာ ကြားမိတယ်’’ ဟု ရွှေတောင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

7Day Daily 

No comments:

Post a Comment