Thursday 24 December 2015

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မြို့ ၁၀ မြို့တွင် လေထုညစ်ညမ်းမှု အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားရ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် မီးခိုးမြူများ ထူထပ်စွာဖုံးလွှမ်းနေခြင်းကြောင့် အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားရကြောင်း သိရသည်။
နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့ ၁၀ မြို့တို့တွင် ဒေသခံများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်ထဲမှ မထွက်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ညွှန်ကြားထားသည်။ ပြီးခဲ့သည့် သီတင်းပတ် ကတည်းက တရုတ်နိုင်ငံဒေသအများအပြားတွင် လေထုညစ်ညမ်းမှုများနှင့် ကြုံရနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားခဲ့သည်။

ဘေဂျင်းမြို့တော်သည် လေထုညစ်ညမ်းမှု အရေးပေါ်အဆင့်ကို တစ်ပတ်အတွင်း နှစ်ကြိမ်ထုတ်ပြန်ခဲ့ရပြီး စက်မှုဆိပ်ကမ်းမြို့ တီယန်ဂျင်းတွင်လည်း အလားတူ ကြေညာထားရသည်။ လေထုညစ်ညမ်းမှု အရေးပေါ်အဆင့် ကြေညာထားပါက
ဒေသခံများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်ထဲတွင် နေထိုင်ကြရန်၊ စာသင်ကျောင်းများ ပိတ်ထားရန်၊ မော်တော်ယာဉ် အသုံးပြုမှုများ လျှော့ချရန် အစရှိသည်တို့ကို ကြိုတင်သတ်မှတ်ထားသည်။

တရုတ် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ရာ တီယန်ဂျင်းနှင့် အနီးတဝိုက်ရှိ မြို့ငယ်များဖြစ်သော ပူယန်၊ ရှင်ရှီအန်၊ ဒါဇူ၊ ဟန်ဒန်း၊ ရှင်တိုင်း၊ လန်ဖန်း၊ ဟန်ရွှီး၊ ရှင်ကျီးနှင့် အန်ယန်းတို့တွင် လေထုညစ်ညမ်းမှု အရေးပေါ်အခြေအနေများ သတ်မှတ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုအခါ ဘေဂျင်းအပါအဝင် တရုတ်ရှိ မြို့ ၃၀ တွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားသော အဆင့်ရှိနေပြီး အခြားမြို့ ၂၀ တွင်မူ လေထုညစ်ညမ်းမှု ဆိုးဆိုးရွားရွား စံနှုန်းသို့ ရောက်နေကြောင်း ကြေညာထားသည်။ ဘေဂျင်းတွင် လေထုညစ်ညမ်းမှု အရေးပေါ်အခြေအနေ ကြေညာထားမှုကို ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက ရုပ်သိမ်းခဲ့ပြီး ထို့နောက်ပိုင်းတွင် လေသန့်စင်မှုသည် တဖြည်းဖြည်းချင်း ပြန်လည် တိုးတက်လာနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဟီနန်နှင့် ဟီဘေ ဒေသများတွင်မူ လေထုညစ်ညမ်းမှုသည် အဆိုးရွားဆုံးအဆင့်၌ရှိနေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းသည် တရုတ်၏ အဓိက စက်မှုလုပ်ငန်း ရပ်ဝန်းကြီးဖြစ်ပြီး ကျောက်မီးသွေးလောင်စာ လွန်လွန်ကဲကဲ အသုံးပြုနေမှုများကြောင့် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း လေထုညစ်ညမ်းမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

အထူးသဖြင့် ဆောင်းရာသီတွင် ကျောက်မီးသွေးလောင်စာမှ ထွက်ပေါ်လာသည့် မီးခိုးများနှင့် မြူနှင်းများ စုပေါင်းပြီး မီးခိုးမြူများ ဖြစ်ပေါ်လာလေ့ရှိရာ လေထုအရည်အသွေးကို သိသိသာသာ ညစ်နွမ်းကျဆင်းသွားစေတတ်သည်။
ပြည်သူအများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အခြေအနေတွင် အာဏာပိုင်များက လုံလောက်သည့် ပါဝင်ဆောင်ရွက်မှုမရှိခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာသည့်နောက် အစိုးရကကြားဝင်လာကာ လေထုညစ်ညမ်းမှု
ကြုံရချိန်တွင် ဆောင်ရွက်သင့်သည့် ကဏ္ဍများ၊ ကျန်းမာရေး အကြံပြုချက်များ ထုတ်ပြန်ခဲ့သည်။

Ref: BBC

No comments:

Post a Comment