Thursday 24 December 2015

လိပ်ကျွန်းလူသတ်မှု စီရင်ချက် တရားမျှတသည်ဟု ယုံကြည်ကြောင်း သေဆုံးသူ မိသားစု ထုတ်ပြန်

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး တရားရုံး၏ အပြီးသတ် စီရင်ချက်သည် တရားမျှတမှု ရှိသည်ဟု ယူဆကြောင်း သေဆုံးသူ ဒေးဗစ်မီလာ၏ မိသားစုက ကြေညာခဲ့သည်။
တစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် စစ်ဆေးမှုအတွက် အပြီးသတ် စီရင်ချက်ကို ဒီဇင်ဘာ ၂၄ ရက်တွင် ချမှတ်ခဲ့ရာ မြန်မာ ရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝေဖြိုးတို့တွင် ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပြီး သေဒဏ် ချမှတ်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက လူသတ်မှုတွင် မြန်မာလုပ်သား နှစ်ဦးသည် မီလာကို သတ်ဖြတ်ပြီး ဟန်နာဝစ်သာရစ်ဂ်ျကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့သည်။

စီရင်ချက် ချမှတ်အပြီး မိနစ်အနည်းငယ် အကြာတွင် မီလာ၏ အစ်ကို မိုက်ကယ်မီလာက ဖခင်ဖြစ်သူ အီယန်မီလာ၊ မိခင်ဖြစ်သူ ဆူးမီလာတို့နှင့်အတူ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယခုစီရင်ချက်သည် တရားမျှတမှု ရှိသည်ဟု လက်ခံယုံကြည်ကြောင်း ဖော်ပြ ထားသည်။

“ဒေးဗစ်ဟာ နောက်ဖက်ကနေ တိုက်ခိုက် ခံခဲ့ရတာပါ။ ပြီးတော့ ပင်လယ်ထဲ ဆွဲချသွားပြီး သေတဲ့ထိ အဲဒီမှာ ပစ်ထားတာ ခံခဲ့ရပါတယ်။ ဒီအသိနဲ့ ကျွန်တော်တို့ တစ်သက်လုံး ရှင်သန်နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ဟန်နာ ဝစ်သာရစ်ဂ်ျ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကတော့ ထုတ်ပြောလို့တောင် မရပါဘူး။ ဒီနေ့ရလဒ်ဟာ ဒေးဗစ်နဲ့ ဟန်နာတို့အတွက် တရားမျှတမှုကို ကိုယ်စားပြုတယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ဇော်လင်းနဲ့ ဝေဖြိုးတို့ဟာ ရှေ့နေ ၇ ယောက်ပါတဲ့ အကျိုးဆောင် အဖွဲ့နဲ့ တရားရုံးမှာ ဖြစ်နိုင်သမျှ အကောင်းဆုံး လျှောက်လှဲသွားကြပါတယ်။ ဒေးဗစ်ဟာ တရားမျှတမှုအတွက် အမြဲတမ်း ရပ်တည်ခဲ့သူပါ။ ဒီနေ့တော့ တရားမျှတမှုကို ဆောင်ကြဉ်းနိုင်ခဲ့ပါပြီ။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ မှုခင်းဆိုင်ရာ ချဉ်းကပ်မှုတွေဟာ လူတွေပြောနေသလို မှားယွင်း ကြန့်ကြာမှုတွေ ရှိနေတယ်ဆိုတာ မဟုတ်မှန်း ကျွန်တော်တို့ သတိပြု မိလာပါတယ်။ ကျွန်တော်တို့ ဒါကို ယုံကြည်ပါတယ်။ အစပြု လုပ်ဆောင်ပုံတွေ အခက်အခဲ ရှိခဲ့ပေမယ့် တော်ဝင် ထိုင်းရဲတပ်ဖွဲ့ဟာ နည်းလမ်းမှန်ကန်ပြီး စေ့စေ့စပ်စပ် စစ်ဆေးခဲ့တယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု မိုက်ကယ်က ထုတ်ပြန်ခဲ့သည်။

မိုက်ကယ်က မိသားစု၏ သဘောထားကို ကြေညာနေချိန်တွင် တရားခွင် အတွင်း၌ မြန်မာလုပ်သား နှစ်ဦး၏ မိခင်များ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေသည့် အသံကိုလည်း အတိုင်းသား ကြားနေရသည်။ ယခုနောက်ဆုံး စီရင်ချက် ချမှတ်သည့် တရားခွင်သို့ မီလာမိသားစုများနှင့်အတူ ဝစ်သာရစ်ဂ်ျ မိသားစုများ လိုက်ပါလာခြင်း မရှိဘဲ ဗြိတိန်၌သာ နေခဲ့ကြောင်း သိရသည်။

Ref: Guardian

No comments:

Post a Comment