Thursday 24 December 2015

ဆိုမာလီယာနှင့် ဘရူနိုင်းတို့တွင် ခရစ္စမတ်ပွဲတော် ကျင်းပခွင့် တားမြစ်ပိတ်ပင်

ဆိုမာလီယာနှင့် ဘရူနိုင်းနိုင်ငံများတွင် ခရစ္စမတ်ပွဲတော်ကို အကျဉ်းချုံး အနေအထားမျိုးထက် ပိုမိုစည်စည်ကားကား မကျင်းပရန် ပိတ်ပင်တားဆီးထားကြောင်း သိရသည်။
ဆိုမာလီယာနှင့် ဘရူနိုင်းရှိ ခရစ်ယာန်ဘာသာဝင်များ၏ နေအိမ်များတွင် ခရစ္စမတ်ပွဲတော်ကို အလွန်ခမ်းနားစွာ ပြင်ဆင်ကျင်းပရန် အစီအစဉ် ရှိမရှိကို ရဲများက လိုက်လံစစ်ဆေးနေကြသည်။ အဆိုပါ နိုင်ငံများတွင် ခရစ်ယာန်ဘာသာရေး၏ အထင်ကရ နေ့တစ်နေ့ဖြစ်သည့် ခရစ္စမတ်နေ့ကိုလည်း အားလပ်ရက်အဖြစ် မသတ်မှတ်ရန် တားဆီးထားသည်။

အစ္စလာမ်မစ် အစွန်းရောက် အယ်လ်ရှာဘက်အဖွဲ့၏ ခြိမ်းခြောက်မှုကို တွန်းလှန်ရန် အမေရိကန်၏ ကျောထောက်နောက်ခံပြုမှုဖြင့် ရပ်တည်နေရသည့် ဆိုမာလီယာအစိုးရက ခရစ္စမတ်အားလပ်ရပ်နှင့် ပျော်ပွဲရွှင်ပွဲများသည် အစ္စလာမ်ဘာသာရေးနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ဆိုမာလီယာအာဏာပိုင်များက ခရစ္စမတ်ပွဲတော် ကျင်းပခွင့်ကို ဘာသာရေးအရရော၊ လုံခြုံရေးအရပါ အကြောင်းပြပြီး တားမြစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

မွတ်ဆလင် အများစုနေထိုင်သည့် ဆိုမာလီယာနိုင်ငံတွင် ခရစ္စမတ်ပွဲတော် ကျင်းပခြင်းသည် အစ္စလာမ်ဘာသာရေး ယုံကြည်မှုနှင့် ဆန့်ကျင်နေသည်ဟု အစိုးရကယူဆထားသည်။ ပြီးခဲ့သည့်နှစ် ခရစ္စမတ်ကာလတွင် အယ်လ်ရှာဘက် စစ်သွေးကြွများကလည်း ဆိုမာလီယာရှိ စစ်ရေး အခြေစိုက်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အရှေ့တောင်အာရှဒေသရှိ ရေနံအထွက်ကြွယ်ဝရာ မွတ်ဆလင်နိုင်ငံတစ်ခုဖြစ်သည့် ဘရူနိုင်းတွင်လည်း ခေတ္တလာရောက်နေထိုင်သော နိုင်ငံခြားသားများအပါအဝင် နိုင်ငံတွင်းရှိနေသူ အားလုံးကို အစ္စလာမ်မစ် ရှယ်ရီရာ ဥပဒေအရ ကန့်သတ်မှုများ သတ်မှတ်ထားသည်။ ယခုအခါ နိုင်ငံအတွင်းရှိ တန်ဖိုးကြီးအဆင့်မြင့် ဇိမ်ခံဟိုတယ်ကြီးများတွင်လည်း ဧည့်ခန်းအတွင်း ခရစ္စမတ်သစ်ပင်များ စိုက်ထူထားခွင့် မရှိတော့ချေ။

ဘရူနိုင်းတွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ခရစ္စမတ်ကာလအတွင်း ဖယောင်းတိုင် မီးထွန်းညှိခြင်း၊ ခရစ္စမတ် ကောင်းချီးသီချင်းများ သီဆိုခြင်း၊ ဆန်တာကလော့စ် ဦးထုပ်များ ဝတ်ဆင်ခြင်း အစရှိသူတို့ ပြုလုပ်သူ မည်သူမဆို ထောင်ဒဏ် ချမှတ်ခံရမည့် အခြေအနေ ကြုံလာခဲ့သည်။ နိုင်ငံအတွင်းရှိ ခရစ်ယာန်များအတွက် ခြွင်းချက်အဖြစ် နေအိမ်တွင် သိုသိုသိပ်သိပ်ဖြင့် ခရစ္စမတ်ပွဲ ကျင်းပခြင်းကိုမူ ခွင့်ပြုပေးထားကြောင်း သိရသည်။

Ref: Daily Caller

No comments:

Post a Comment