Monday 16 November 2015

ငြိမ်းချမ်းရေးကို ကုန်ပစ္စည်းလို ဈေးဆစ်လာပြန်တဲ့ TNLA

TNLA က နောက်တက်လာမယ့် NLD အစိုးရနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် အသင့်ဖြစ်နေပြီလို့ ထုတ်ဖော် ပြောဆိုလိုက်တာဟာ နားဝမှာခါးသလို ခံစားရပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီနိုင်ပြီိဖြစ်တဲ့ အတွက် အစိုးရဖြစ်တော့မယ်ဆိုတဲ့ပုံစံနဲ့ TNLA ရေလာမြောင်းပေးလုပ်လာတာ ဖြစ်ပါတယ်။
လက်တွေ့လုပ်ခွင့်ရ ခဲ့တဲ့ ငြိမ်းချမ်းရေးကို မလိမ့်တပတ်နဲ့ ရူးချင်ယောင်ဆောင်ခဲ့တဲ့ TNLA ဟာ လက်ရှိ အစိုးရ ကို ပြောင်ပြောင် တင်းတင်း စော်ကားလိုက်တဲ့သဘောဖြစ်နေပါတယ်။ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ NCA ကိစ္စဆွေးနွေးပြီး နောက်ဆုံးအဆင့် NCA ထိုးတော့မယ့်အချိန်မှာ TNLA အတွက် အခွင့်အရေး ပေးခဲ့ ပါတယ်။ TNLA ဟာ UPWC နဲ့ အပစ်ရပ်ကိစ္စဆွေးနွေးဖို့ သီးခြား ကမ်းလှမ်းခြင်း ခံရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါကို MNDAA နဲ့ AA တို့မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ KIA ကြိုးကိုင်မှုအောက်မှာ NCA ကိုငြင်းပယ် ခဲ့တာဖြစ်ပါတယ်။

အစိုးရသဘောထားပျော့ပျောင်းတာကို အခွင့်ကောင်းယူပြီး TNLA ဟာ NCA မထိုးတဲ့အဖွဲ့တွေဘက်မှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အခု NLD အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ဖြစ်နေပြီ ဆိုလာတော့ တတ်လည်းတတ်နိုင်တဲ့ သူပုန်အဖွဲ့ပါပဲလို့ မှတ်ချက်ပြုမိပါတယ်။ ရလေလိုလေ အိုတစ္ဆေဆိုတဲ့ ကိန်း TNLA ဆိုက်နေပါပြီ။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးကို ကုန်ပစ္စည်းလို ဈေးဆစ်နေတဲ့သဘော ဖြစ်နေပါတယ်။ တစ်ခုသိထားရမှာက TNLA အနေနဲ့ နောက်တက်လာမယ့်အစိုးရကို လေဖမ်းဒန်းစီးပြီး မျက်နှာလို မျက်နှာရ ပြောနေပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ထဲထဲဝင်ဝင်ပါနေတဲ့ တပ်မတော်က TNLA အကြောင်း အူမချေးခါးသိနေတယ်ဆိုတာပါပဲ။

TNLA ရဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်က ဘယ်သူ့အတွက်လဲ အရင်ဆုံးမေးစရာဖြစ်လာပါပြီ။ တကယ်တော့ TNLA ဟာ ပလောင်(ခေါ်)တအာင်းတိုင်းရင်းသားတွေနဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသကို ကိုယ်စား မပြုဘူးလို့ဆိုနိုင်ပါတယ်။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ အစိုးရနဲ့ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း အေးဆေးတည်ငြိမ်စွာနဲ့ နေထိုင်လာတဲ့ ဒေသဖြစ်ပါတယ်။ TNLA ဟာ ပလောင်ဒေသမှာ ဗဟိုဌာနချုပ် မရှိသလို KIA ဗဟိုဌာနချုပ်၊ လိုင်ဇာမှာ အခြေချနေထိုင်တာကို ကြည့်ခြင်းအားဖြင့် KIA လက်အောက်ခံ အဖွဲ့တစ်ဖွဲ့ဆိုတာ မြင်သာပါတယ်။ ပြီးရင် ပလောင်ဒေသမှာ လူသစ်စု၊ ဆက်ကြေးကောက်တာတွေလုပ်ပြီး ပလောင်တိုင်းရင်းသားတွေကို ဒုက္ခပေးနေတာ။ စုလို့ရတဲ့လူသစ်တွေကို KIA အဖွဲ့ဆီအပ်နှံပြီး လိုင်ဇာမှာ စစ်သင်တန်းတွေတက်ခိုင်းနေတာ ဖြစ်ပါတယ်။ TNLA အဖွဲ့ရဲ့ အတင်းအကြပ် လူသစ်စုဆောင်းမှုကြောင့် မူဆယ်နဲ့ နမ့်ခမ်းမြို့တွေပေါ်ကို ထွက်ပြေးတိမ်းရှောင်လာရတာလည်း အကြိမ်ကြိမ်ပါပဲ။

အဲဒီလိုအဖွဲ့က ဘာအတွက်ငြိမ်းချမ်းရေးယူချင်တာလဲ။ KIA ကြိုးဆွဲကနေတဲ့ ရုပ်သေးရုပ်ဘ၀နှင့် ကိုယ့် လူမျိုး၊ ကိုယ့်ပြည်နယ်ကို ပြန်ဒုက္ခပေးနေတာကတော့ စက်ဆုပ်ရွံ့ရှာစရာကောင်းလွန်းပါတယ်။ ပြီးတော့ TNLA ဘာနဲ့ရပ်တည်လဲကြည့်လိုက်တော့ တအာင်းဒေသမှာဘိန်းစိုက်၊ ဘိန်းချက်၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွ ဆေးပြားတွေမှောင်ခိုကူးပြီး မသမာနည်းနဲ့ ရပ်တည်နေတာတွေ့ရပါတယ်။ ဒါ့အပြင် TNLA ဟာ ကိုးကန့် ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေမှာလည်း MNDAA ဘက်ကနေ ကူညီတိုက်ခိုက်ပေးခဲ့တယ်လို့ ၀န်ခံထားပါ တယ်။ MNDAA ရဲ့ ကျူးကျော်မှုဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်လို့ NCA မှာ ပါဝင်ခွင့်မပြုခဲ့သလို TNLA ကိုလည်း အဲဒီလိုသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့အချိန်ထိ TNLA ဟာ မတရားသင်းအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။ လက်ရှိအစိုးရ လက်ထက် မှာတောင်ရတဲ့အခွင့်အရေးကို ပြတ်ပြတ်သားသားမဆုံးဖြတ်ရဲတဲ့ လက်တစ်ဆုပ်စာ TNLA ကို နောက်တက် လာမယ့်အစိုးရကလည်း ကြည်ကြည်ဖြူဖြူဆွေးနွေးဖို့ မဖြစ်နိုင်သေးပါဘူး။ ကိုယ်လိုချင်ရာရမှ ငြိမ်းချမ်းရေး ယူမယ့် TNLA လို လက်နက်ကိုင်တွေရဲ့စကားကို အကြွင်းမဲ့ယုံကြည်ဖို့ စောလွန်းပါသေးတယ်။ ဒီတော့ လက်ရှိအစိုးရလက်ထက်မှာ မရသေးတဲ့ငြိမ်းချမ်းရေးကို နောက်တက်လာမယ့်အစိုးရကလည်း ကုန်ပစ္စည်း တစ်ခုလို ဈေးဆစ်တိုင်း လွယ်လွယ်ပေးမှာ မဟုတ်ဘူးလို့သာပြောလိုက်ချင်ပါတယ်။

မိုင်းအိုက်ကျော်ရွှေ
dailynewsmedia

No comments:

Post a Comment