Monday 16 November 2015

တရုတ် အရှေ့ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၂၁ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦးမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇီဂျီအန်း ဒေသရှိ လင်ဒေါင်းကျေးရွာတွင် နိုဝင်ဘာ ၁၄ရက် နံနက် အစောပိုင်းက မြေပြိုမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အရှိန်နှင့် လိမ့်ဆင်းလာသည့် ရွှံ့ချပ်များ၊ ကျောက်တုံးများသည် လင်ဒေါင်းရှိ လူနေအိမ်များပေါ် ဖုံးလွှမ်းသွားခဲ့သည်။ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းထိ အဆိုပါ ဒေသတွင် ကယ်ဆယ်ရေးလုပ်သား ၂၀၀၀ ကျော် ရောက်ရှိကာ ရွှံ့နွံများကို ဖယ်ရှားပြီး အသက်ရှင် ကျန်ရစ်သူများကို ကြိုးစား ရှာဖွေလျက် ရှိသည်။ အနည်းဆုံး ရုပ်အလောင်း ၂၁ လောင်းမျှကို ကယ်ဆယ်ရေးများက ရှာဖွေ တွေ့ရှိထားပြီး ပျောက်ဆုံးနေသူ ၁၆ ဦးထက်မနည်း ရှိနေဆဲဟု ဆိုသည်။ လူတစ်ဦးကို အသက်ရှင်လျက် ရှာဖွေ တွေ့ရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ခဲ့ရာ ယခုအခါ အခြေအနေ တည်ငြိမ်နေပြီဟု သိရှိရသည်။ ရွာ၏ အစိတ်အပိုင်း အတော်များများမှာ ရေလွှမ်းနေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ကြုံနေရသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် စက်ယန္တရားကြီးများ၊ လေ့ကျင့်ပေးထားသည့် ခွေးများကို အသုံးပြုကာ ရွှံ့ချပ်နှင့် အပျက်အစီးများအောက် ပိတ်မိနေသူများကို ရှာဖွေလက် ရှိသည်။ ပျောက်ဆုံးနေသူ အများစုမှာ ကလေးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ ဒေသဆိုင်ရာ အစိုးရသည် နေအိမ် ပျက်စီးဆုံးရှုံးသွားသူများကို နှစ်သိမ့်ကြေး ပေးအပ်သွားရန် သဘောတူညီထားကြောင်းလည်း သိရှိရသည်။ Ref: BBC

No comments:

Post a Comment