Monday 16 November 2015

ရွေးကောက်ပွဲအပြီး ဖားကန့်တွင် ကျောက်မျက်ကုမ္ပဏီ လုပ်ငန်းများ အားလုံးနီးပါး လုပ်ကိုင်နေကြပြီ ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် ကျောက်စိမ်းများ ရှားပါးနေဆဲ

ဖားကန့်ဒေသတွင် ရွေးကောက်ပွဲအပြီး ကာလ၌ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ အားလုံးနီးပါး လုပ်ငန်း ပြန်လည် လုပ်ကိုင်နေကြပြီိ ဖြစ်သော်လည်း ပြင်ပကျောက်ဈေးကွက်မှာ အေးနေဆဲဖြစ်ပြီး ကျောက်စိမ်း ရှားပါးနေဆဲဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသရှိ ကျောက်ဝိုင်းများသို့ လာရောက်ဝယ်ယူသော ကုန်သည်များ အနေဖြင့် ကျောက်စိမ်းဝယ်ယူ ရရှိမှု နည်းပါးနေပြီး မန္တလေးတွင်ပင် ယခုထက် ပိုမိုပြီး ၀ယ်ယူနိုင်ကြောင်း ပြောကြားကြသည်။

မန္တလေးမြို့မှ ဖားကန့်သို့ ကျောက်စိမ်း လာရောက်ဝယ်သူ ဦးအာပြဲက “အစတုန်း ရွေးကောက်ပွဲ အပြီးမှာ ၀ယ်လက်တွေ များလာပြီး ဈေးကွက်ပြန်လှုပ်လာမယ်ထင်တာ။ အခုတော့ ဘာမှမကောင်းဘူး။ ကျောက် ၀ိုင်း မှာ ထိုင်ပြီး ကျောက်လည်း သိပ်မကြည့်ရဘူး။ မန္တလေးမှာနေရင်တောင် ဒီထက်မက ကြည့်ရသေး တယ်။ ပြီးတော့ ဈေးကွက်ကလည်း အတော်လေး အေးနေပါတယ်” ဟု ပြောကြားသည်။

၎င်းက “ဈေးကွက်က ဘာလို့ ဒီလောက် အေးနေလဲ ဆိုတာကတော့ တရုတ်ဘက်က သိပ်မ၀ယ်လို့ ဖြစ်ပါ လိမ့်မယ်။ အခု တရုတ်အစိုးရက ကျောက်စိမ်းကဏ္ဍကို သိပ် အားမပေးတော့ဘူး။ အရင်ကလို မြန်မာပြည် ကို ကျောက်စိမ်းလာဝယ်မယ့် တရုတ်နိုင်ငံသားတွေကို ချေးငွေ သိပ်မထုတ်ပေးဘူး။ ဒီတော့ သူတို့ဘက်က အ၀ယ်အေးလာတာနဲ့အမျှ ဒီဘက်မှာ ကျောက်စိမ်းဈေးလည်း သိပ်မရှိတော့တာပါ” ဟု ပြောကြားသည်။

ယခုအခါ ဖားကန့်ကျောက်စိမ်းဈေးကွက်တွင် အရည်ကျောက်များထက် အချပ်လိုင်း၊ လက်ကောက်လိုင်း များသာ အ၀ယ်လိုက်နေကြောင်း သိရသည်။

“ကျွန်တော်က ပွဲစားလုပ်တယ်။ ဘာမှ အဆင်မပြေဘူး။ အခု မနက် ကျောက်တစ်လုံး လိုက်ပြနေတယ်။ အရင်ကဆို ၁၀ သိန်းလောက် အသာလေးရောင်းလို့ရတဲ့ ကျောက်ပါ။ အခု ငါးသိန်းအောက်က မတက်ဘူး ဖြစ်နေတယ်။ ဒီလို ဈေးကွက်က မကောင်းတော့ တချို့ လောပန်းတွေကလည်း ရှိတဲ့ကျောက်တွေ သိပ်မထုတ် တော့ဘူး။ ဈေးကွက်ကောင်းမှ ရောင်းဖို့ အောင်းထားကြတယ်။ ဒီတော့ ၀ိုင်းထဲရောက်လာတဲ့ ကျောက်ကလည်း ရှားပြီလေ” ဟု ဒေသခံ ပွဲစားတစ်ဦးက ဆိုသည်။

ကျောက်မျက် ကုမ္ပဏီများမှ လုပ်ငန်းခွင်အတွင်း ကျောက်စိမ်းရှာဖွေမှုအား စနစ်တကျ လုပ်ကိုင် လာကြသည့် အတွက် ကုမ္ပဏီမှ စွန့်ပစ်မြေစာတွင် ရှာဖွေမှု လုပ်ကိုင်ကြရသော ဒေသခံ ကျောက်ရှာဖွေသူ ရေမဆေးသမားများမှာ ကျောက်ရရန် အခွင့်အလမ်း ပိုမိုနည်းပါးလာပြီိး တစ်ပိုင်တစ်နိုင် ကျောက်တူးဖော်မှု တရားဝင် လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာမည့် လွှတ်တော် ကိုယ်စားလှယ်များကို အားကိုးနေကြသည်ဟုလည်း သိရသည်။

Eleven Media Group 

No comments:

Post a Comment