Sunday 17 May 2015

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ အများအော်သလို လိုက်မအော် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပုံစာ-  မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွပ် အ.ထ.က(၂) အားကစားကွင်းတွင် မေလ ၁၆ ရက် ညနေ ၄နာရီက လူထုတွေ့ဆုံပွဲ ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို) 
အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး အချေအတင်ပြောနေကြသည့် အချိန်တွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က အများအော်သကဲ့သို့ လိုက်အော်မည် မဟုတ်ဟု အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မော်လမြိုင်မြို့ လှိုင်အားကစားကွင်းတွင် မေ ၁၆ရက်က လူထုနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

"နိုင်ငံအတွက် ကောင်းတာကိုပဲလုပ်ရမယ်။ နိုင်ငံအတွက် ရွေးတဲ့လမ်းကို မကြိုက်လို့ အပြစ်တင်ရင်လည်း ကျွန်မတို့ ခံရမှာပဲ။ နိုင်ငံရေးပါတီတွေ အကုန်လုံးက တိုင်းပြည်ကို အကျိုးပြုချင်တယ်ဆိုရင် ရွေးကောက်ပွဲ နိုင်ဖို့ ကိစ္စတစ်ခုပဲ စဉ်းစားလို့မရဘူး။ ကျွန်မတို့က ပြတ်သားတဲ့ ရွေးကောက်ပွဲ နိုင်ချင်လားဆိုတော့ နိုင်ချင် တာပေါ့။ ဒါပေမယ့် ပညာရေးကောင်းဖို့ အဓိက လုပ်နေတဲ့အချိန်မှာ ကိုယ့်အဖွဲအစည်း နိုင်ငံရေးရည်ရွယ် ချက်ကို ရှေ့တန်းတင်လို့မဖြစ်ဘူး ကျွန်မတို့အမျိုးသား ဒီမိုကရေစီ အဖွဲ့အနေနဲ့ ဆိုရင် ဒီနိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် ပညာရေးကောင်းဖို့ ပေါ်ထွန်းဖို့လုပ်မှာပဲ"ဟု ၎င်းးကပြောသည်။

ပညာရေးနှင့်နိုင်ငံရေးသည် တစ်ခါတစ်ရံ မရောထွေးဘဲနေလို့မရဟုလည်း ပြောကြားခဲ့သေးသည်။

ယခုလက်ရှိတွင်  အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ နိုင် ရေး ကိစ္စတစ်ခုတည်းကိုသာ ဦးတည်လုပ်နေသည်ဟုလည်း ၎င်းက ဝေဖန်လိုက်သည်။

အမျိုးသားဒီမိုကရေစီ အင်းအားစု ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမူ "ကျွန်တော်တို့ပါတီ အနေနဲ့ ပညာရေး ဥပဒေကြမ်းကို  တင်ထားတာကြာပြီ။ ၂၀၁၃ လောက်က တင်ထားတာ ဆွေးနွေးခွင့်မရဘူး၊ အကုန်တင် ထားတယ် သူတို့ ပညာရေး ဥပဒေကို အလေးထားပြီးတင်ထားပါတယ်။ နိုင်ငံရေးလုပ်တာလည်း ပညာရေး ကောင်းကျိုးချမ်းသားရဖို့ အခြေခံပဲလေ လိုပါတယ်။ ဒေါ်စုပြောတာက ဘာကိုရည်ရွယ်ပြီး ပြောတာလဲ မသိဘူး။"ဟု ပြောသည်။

လက်ရှိပညာရေးစနစ်သည်လည်း ပြည်သူများ စဉ်းစားမည်ကို ကြောက်သည့် စနစ်၊ ပြည်သူလူထု ပညာ တက်လျှင် ဘာတွေလုပ်မလဲဆိုသည်ကို အစိုးရက ပြန်ကြောက်နေသည့် စနစ်ဖြစ်၍ ထိုသို့ ပျက်စီးနေသည့် ပညာရေးစနစ်ကို ကျင့်သုံးလာရသည်မှာ ဆယ်စုနှစ် ကျော်ခဲ့ပြီဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက် သည်။

မြန်မာလူငယ်များအနေဖြင့် အခြားနိုင်ငံက လူငယ်များနှင့် နှိုင်းယှဉ်ပါက အဘက်ဘက်တွင်း အားနည်း နေသေးပြီး ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ရန် လူကြီး၊ လူငယ် လက်တွဲ၍ အဘက်ဘက်က ကြိုးပမ်း ကြရန် နှင့် လူငယ်များ နေရာယူခြင်းထက် မိမိရသည့်တာဝန်ကို အရည်အချင်း နှင့် ကိုက်ညီအောင် လုပ်ပြီး တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်သည်။

လက်ရှိတွင် တက္ကသိုလ်ကျောင်းသားများ၊ အခြေခံပညာ ကျောင်းသားများ အပါအဝင် အများစုက အမျိုးသား ပညာရေး ဥပဒေကို ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီမှုမရှိကြောင်း နှင့် ထိုဥပဒေသည် ကောင်းမွန် သည့် ပညာရေးစနစ် မရနိုင်ဟုဆိုကာ ကန့်ကွက်နေကြပြီး ထိုသို့ ကန့်ကွက်ကာ ဆန္ဒပြ၊ သပိတ်မှောက် သည့် ကျောင်းသားများကိုလည်း အစိုးရက ဖမ်းဆီးထောင်ချလျက်ရှိသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သည့် ဒီမိုကရေစီ ကျောင်းသားသပိတ် စစ်ကြောင်းကိုလည်း မတ်လ ၁၀ရက်က ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ကျောင်းသားများမှာ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထောင်ချခံထားရသည်။

Mizzima - News in Burmese 

No comments:

Post a Comment