Sunday 17 May 2015

အင်ဒိုနီးရှားတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေလုပ်သား ၁၃၇ ဦး မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိမည်

အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေလုပ်သားများအနက် ၁၃၇ ဦး မေလ ၁၇ ရက် ည ၇ နာရီခွဲခန့်တွင် MAI လေကြောင်း လိုင်းဖြင့် ရောက်ရှိမည်ဟု မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီး ကာကွယ် ရေး ဗဟိုအဖွဲ့ထံမှ သိရသည်။

မြန်မာရေလုပ်သားများ ရောက်ရှိပါက လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း (ကျိုက်ဝိုင်း) တွင် ခေတ္တ တည်းခို နေထိုင်စေမည်ဖြစ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကိုယ်စား တွဲဖက်အတွင်း ရေးမှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်းက မြန်မာရေလုပ်သား တစ်ဦးလျှင် တစ်သိန်း ထောက်ပံ့ မည်ဖြစ်သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူးမင်းနိုင်က “ဒုတိယအကြိမ် မြောက် ထပ်ရောက်မှာပါ။ လေဆိပ်ကနေ ကျိုက်ဝိုင်းက လူမှုဝန်ထမ်း အတတ်သင်ကျောင်းကို သွားမယ်။ အဲ့ဒီမှာ အခမ်းအနားလေး လုပ်ပြီး ထောက်ပံကြေးငွေ ပေးအပ်မှာပါ” ဟု ပြောသည်။

လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း(ကျိုက်ဝိုင်း) သို့ ရောက်ရှိနေသည့် မြန်မာရေလုပ်သားများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက လာရောက်ခေါ်ဆောင်မည် ဖြစ်သည်။ ပထမအကြိမ်ရောက်ရှိ သည့် မြန်မာရေလုပ်သားများကိုလည်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့အပါအ၀င် စေတနာရှင် များက ထောက်ပံကြေးငွေ ပေးအပ်ခဲ့သေးသည် ဟုလည်း ၎င်းက ပြောသည်။

လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီးခင်မောင်လှက “ကျွန်တော်တို့ ဟိုမှာ မြန်မာ နိုင်ငံသား ဟုတ်မဟုတ် သွားရောက်စစ်ဆေးတုန်းက တွေ့ခဲ့ရတဲ့ အခက်အခဲတွေက အများကြီးပါပဲ။ မြန်မာရေလုပ်သားတွေ ရသင့်တဲ့ အခွင့်အရေးတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေဆီက ရရှိဖို့အတွက် အင်ဒိုနီးရှားအခြေစိုက် ရှေ့နေအဖွဲ့က ကူညီဖို့လည်း ရှိပါတယ်” ဟု ပြောသည်။

အင်ဒိုနီရှားနိုင်ငံရောက် မြန်မာရေလုပ်သားများကို မေလ ၂၂ ရက် နောက်ဆုံး ထား၍ မြန်မာနိုင်ငံသို့ အပြီး သတ် ပြန်လည် ခေါ်ဆောင်လာမည်ဟုလည်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသေးသည်။

Mizzima - News in Burmese

No comments:

Post a Comment